သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေအောက် လူအများစိတ်ဒဏ်ရာ


ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး
ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

မကြာခင်က ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်လာအပြီး၊ လူ့အသိုင်းအဝိုင်းထဲမှာ စိတ်ဒဏ်ရာသဘော ထပ်ဆင့်ခံစားလိုက်ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

လူအများအပေါ် အတင်းဖိနှိပ်တဲ့ ဥပဒေကရတဲ့ ဒီစိတ်ဒဏ်ရာဟာ အရင်ကိုဗစ်ဖြစ်ချိန် စိတ်ဒဏ်အပေါ် ထပ်ဆင့်သွားစေတယ်လို့ ထောက်ပြကြပါတယ်။ ပထမ ကိုဗစ်ဖြစ်ချိန် အောက်ဆီဂျင် မရတာကြောင့် အမျိုးမိတ်ဆွေတွေ သေဆုံးခဲ့ရတာ၊ နောက် အာဏာသိမ်းချိန် ပစ်ခတ်ဖမ်းဆီးတာနဲ့၊ အခု စစ်တပ်ထဲ အတင်းဝင်ခိုင်းပြန်တာကြောင့် စိတ်ဒဏ်ရာ ထပ်ဆင့်ကြီးမားလာနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးပါတယ်။ အကြောင်းက စိတ်ဒဏ်ရာတွေ တကြိမ်ပြီးတကြိမ် ဆက်ခံရပြီး၊ စိတ်ကျန်းမာရေး အခြေအနေ ချောက်ကမ်းပါးထဲ ထိုးကျသွားတဲ့ (Downhill) သဘောကြောင့်လို့လည်း ဒီကျန်းမာရေး ပညာရှင်တွေက ရှင်းပြကြပါတယ်။

အခုလို စိတ်ဒဏ်ရာ ထပ်ဆင့်ဖြစ်လာတာကြောင့် စိတ်ဖိစီးမူကနေတဆင့် စိတ်ရောဂါအဆင့်ဆင့် ဆက်ဖြစ်သွားနိုင်ပါတယ်။ ပထမ စိတ်ဖိစီးမူ (Stress) ဖြစ်ချိန် စိတ်ပူပန်တဲ့ လက္ခဏာတွေကတော့ ရင်တုန်ပန်းတုန်ဖြစ်တာ၊ စိတ်သောကဖြစ်တာ၊ တအုံနွေးနွေးခံစားရတာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာသလိုဖြစ်တာ၊ အိပ်ရေးပျက်တာ၊ မစားနိုင်မသောက်နိုင် ဖြစ်တာတွေပါ။ ဒီကတဆင့် အချိန်တစ်ခုအတွင်းမှာ သောကရောဂါ (Anxiety Disorder) ဖြစ်လာနိုင်ပြီး၊ နောက်တဆင့်မှာတော့ စိတ်ဓာတ်ကျရောဂါ (Depression)၊ Post-Traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဒဏ်ရာကြီးနဲ့ ပူပင်ထိတ်လန့်ရောဂါ (Panic Anxiety Disorder) ဖြစ်ကာ ရူးသွတ်တာ၊ ကိုယ့်ကိုယ်ကို သတ်သေတာတွေအထိ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

အခုလို စိတ်ဒဏ်ရာကြောင့် စိတ်ဖိစီးမူကြီးပြီး စိတ်ရောဂါအဆင့်ဆင့် ဆိုးလာနိုင်တာအတွက်တော့ ကာကွယ်တဲ့ကုထုံး ရှိပါတယ်။ ပထမဆုံး အထောက်အကူပြုနိုင်တာကတော့ ဖြစ်လာတဲ့ ပြဿနာအတွက် ရုတ်တရက်ဆုံးဖြတ်လိုက်တာမျိုး မဟုတ်ဘဲ၊ စုံထောက်ကြီး ရှားလော့ဟုမ်း မှုခင်းပြဿနာ အဖြေရှာသလို အချိန်တချို့ယူပြီး အကြိမ်ကြိမ် ခေါင်းအေးအေးထား စဉ်းစားဖို့ပါ။ အခုလို အဖြေရှာချဉ်းကပ်တာမှာ စိတ်ကျန်းမာရေးပညာမှာ အသုံးများလာတဲ့ ပြဿနာဖြေရှင်းနည်း ကုထုံး (Problem-Solving Therapy) ကို အသုံးပြုသင့်ပါတယ်။ အကြောင်းက ဒီ ကုထုံးက လက်တွေ့ကျပြီး လူတိုင်းလုပ်နိုင်ကာ ထိရောက်နိုင်လို့ပါ။

ဒီပြဿနာဖြေရှင်းနည်း ကုထုံးမှာ အဆင့် (၄) ဆင့် ရှိပါတယ်။ ပထမကတော့ ပြဿနာကို နားလည်အောင်လုပ်တာ (Identify the Problem) ပါ။ အဓိကကတော့ ပြဿနာရဲ့ အသေးစိတ် အချက်အလက်တွေကို အပြည့်အဝ အသေအချာ နားလည်အောင်လုပ်ယူတာပါ။ ဥပမာ စစ်မှုထမ်းဥပဒေ ပြဿနာမှာပါတဲ့အချက်တွေက မိမိနဲ့ ဘယ်လို ငြိ့နေတာကို သေချာအောင်လေ့လာတာပါ။ နောက်တဆင့်ကတော့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင် (Goal/Target) ကို သတ်မှတ်တာပါ။ ဒီ ဥပဒေအတွက်ဆိုလျှင်တော့ လွတ်နိုင်မယ့် ပန်းတိုင်မျိုး ရှာရမှာပါ။ အဆင့် (၃) ကတော့ ရွေးချယ်စရာနည်းလမ်းတွေ ရှာတာ (Options) နဲ့ အဆင့် (၄) က လက်တွေ့လုပ်ဆောင်တာ (Action) ဖြစ်ပြီး၊ နောက်တပတ် ဆက်ပြောရအောင်ပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG