သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို စစ်ကောင်စီစည်းရုံးခဲ့ပုံ USIP စာတမ်းဖော်ပြ


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ အစ္စာလာမ်ဘာသာရေးအခြေခံပြီး ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံခဲ့ရာကနေ ထွက်ပြေးလာသူတဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာချက် စာတမ်းတခုမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။

“တမန်တော်မိုဟာမက်ကို ဘုရားသခင်ကလမ်းညွှန်ခဲ့တဲ့အတိုင်း ဂျီဟတ်ဒ်စစ်ပွဲ ဆင်နွဲရမယ်။ ဘာသာရေးအရဆိုရင် မင်းတို့အသက်တွေဆုံးရှုံးရရင်တောင် အလဟဿမဖြစ်ဘူး” လို့ စစ်သန်တန်းမှာ ပြောတယ်လို့ အသက် ၂၂ အရွယ် အဓမ္မ စစ်သားစုဆောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာလူငယ်က ပြောကြောင်း USIP စာတမ်းမှာ ရေးပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက သူ့ကို သေနတ်နဲ့ချိန်ပြီး ရွာကနေခေါ်သွားခဲ့တာလို့ အဲဒီ လူငယ်က ပြောပါတယ်။ သူနဲ့အတူ စစ်သင်တန်းတက်ခဲ့ရတဲ့ ရိုဟင်ဂျာ လူငယ် ၅၀ လောက်ကို အာရက္ခတပ်တော် (AA) အခိုင်အမာရှိနေတဲ့နေရာကို စေလွှတ်ခဲ့ချိန်မှာ သူဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခိုးဝင်ဖြတ်ကျော်ပြီး ကော့ဘဇားမြို့ကို အရောက် ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေး အတွေ့အကြုံမရှိသူတွေကို ဒီလို AA စိုးမိုးထားတဲ့ နေရာတွေကို အတင်းအကျပ်စေလွှတ်တာက သေတွင်းကို တွန်းပို့တာပဲလို့လည်း အဲဒီလူငယ်က ပြောပါတယ်။ သူတို့ နေထိုင်တဲ့ ရွာက ရိုဟင်ဂျာတွေ အားလုံး စိုးရိမ် ထိတ်လန့်နေကြပြီး နယ်စပ်ဖြတ်ကျော်ထွက်ပြေးနိုင်မယ့် အခွင့်အရေး ရှိရင် ထွက်ပြေးလိုကြတယ်လို့ အဲဒီ ထွက်ပြေးလာသူ လူငယ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ မြန်မာနယ်စပ်ကို လုံခြုုံရေးတင်းကျပ်ကာ ဆက်လက်ပိတ်ဆို့ထားမယ်လို့ ကြေညာထားပါတယ်။ ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့ ဧပြီလ နှောင်းပိုင်း ထုတ်ပြန်ချက်တခုမှာလည်း ရိုဟင်ဂျာ ဒုက္ခသည် ရာဂဏန်းလောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက်ပြီး မြန်မာနိုင်ငံဘက် အတင်းအကျပ် ပြန်ပို့တာတွေ ဖြစ်ခဲ့ကြောင်း ဖော်ပြထားတာပါ။

USIP ရဲ့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ လေ့လာမှု စာတမ်းထဲမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝန်းကို မေးမြန်းပြီး ရခိုင်ကို AA က ထိန်းချုပ်လာချိန်မှာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လူမျိုးစုတွေကြား ရန်လိုမှုတွေ ဖြစ်အောင် စစ်ကောင်စီဘက်က ဆက်လက်ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ “စစ်ကောင်စီရဲ့ အဓိကစီမံချက်မှာ ရိုဟင်ဂျာနဲ့ရခိုင် အသိုင်းအဝန်းနှစ်ခုလုံးကို ဖျက်ဆီးပြီး ရခိုင်ကို စစ်မြေပြင်ဖြစ်အောင်လုပ်ဖို့” လို့ ရိုဟင်ဂျာဒုက္ခသည် လူငယ်တဦး ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် USIP စာတမ်းထဲမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့အကြောင်းလည်း ပါဝင်ပါတယ်။ အဲဒီ အဖွဲ့ဟာ အခုလပိုင်းတွေထဲမှာ လက်နက်ခဲယမ်း စုဆောင်းပြီး လူရာနဲ့ချီကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ စစ်ကောင်စီကိုဆန့်ကျင်တဲ့တော်လှန်ရေးမှာ ပါဝင်ကောင်းပါဝင်လာနိုင်တယ်လို့ ဆိုထားပေမယ့် လက်ရှိမှာတော့ အရင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဘက်ပြောင်းလာသူတွေ အများအပြားပါဝင်တဲ့ RSO အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အဖွဲ့ဝင်တချို့ ရာဇဝတ်မှုနဲ့ မကင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြတာနဲ့ ပိုပြီး လူသိများတယ်လို့ USIP က ပြောပါတယ်။

ရခိုင် လက်ရှိအခြေအနေဟာ ရှုပ်ထွေးနေပြီး ရိုဟင်ဂျာနဲ့ ရခိုင်အသိုင်းအဝိုင်းကြား ဆက်ဆံရေးအတွက် လက်ငင်းမှာရော၊ ရေရှည်အတွက်ပါ သက်ရောမှုတွေ ရှိနေတယ်လို့လည်း USIP က သုံးသပ်ထားပါတယ်။ စစ်ကောင်စီနဲ့ AA နှစ်ဘက်စလုံးက ရိုဟင်ဂျာတွေကို လူသားအကာအရံဒိုင်းတွေ အဖြစ် အသုံးပြုနေတာနဲ့ ခေါင်းဆောင်တွေရဲ့ ပြောစကားတွေကလည်း အုပ်စု နှစ်ခုကြား ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (Twan Mrat Naing) က ရိုဟင်ဂျာတွေ အပေါ် “ဘင်္ဂါလီ” လို့ သုံးနှုန်းတာကို သူ့ရဲ့ X လူမှုမီဒီယာမှာ ကာကွယ် ပြောဆိုတာတွေ ရှိခဲ့လို့ ရိုဟင်ဂျာတွေကြား မကျေမနေပ် စိတ်ပျက်ခဲ့ကြောင်းလည်း USIP စာတမ်းမှာ ဖော်ပြထားပါတယ်။ မောင်တောမြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအမျိုးသားတဦးကို ကိုးကားပြီးလည်း လက်ရှိအခြေအနေဟာ “၂၀၁၂ ခုနှစ် ပဋိပက္ခအပြီး နှစ်တွေမှာ ကြုံခဲ့ရတဲ့ အမုန်းတရား ခံစားချက်မျိုး ပြန်လည် ရရှိခံစားနေရတယ်” လို့ ဆိုပါတယ်။

တဖက်မှာလည်း ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေ အများစု နေထိုင်ရာ မောင်တောနဲ့ ဘူးသီးတောင် ဒေသတဝိုက်မှာ စစ်ပွဲ၊ ပဋိပက္ခနဲ့ ပိတ်ဆို့မှုတွေ ကြား ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အများအပြားလိုအပ်နေတယ်လို့လည်း USIP စာတမ်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG