သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ ကုလ တောင်းဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အမှန်တရားနဲ့ အခြေအနေမှန်တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ ဒီနေ့မှာ ပြောကြား တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဟာ သိပ်ကို အရေးကြီးပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေ၊ သတင်းမီဒီယာအလုပ် လုပ်နေကြသူတွေကို ကာကွယ်ပေးရမယ့် သန္နိဋ္ဌာန် ထပ်မံခိုင်မာအောင် ပါဝင်အကာအကွယ်ပေးဖို့ အစိုးရတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ လူထုအခြေပြုအဖွဲ့တွေကို သူ့အနေနဲ့ တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ သတင်း မီဒီယာသမားတွေဟာ သူတို့အသက်တွေကို စွန့်ပြီး စစ်ပွဲကနေ ဒီမိုကရေစီ အထိ သတင်းမျိုးစုံကို တင်ပြနိုင်အောင် ကြိုးစားနေကြတာကိုလည်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ဗီဒီယိုထုတ်ပြန်ချက်မှာ အတွင်းရေးမှူးချုပ် Guterres က အသိအမှတ်ပြု ပြောထားပါတယ်။

သတင်းတွေကို အများပြည်သူ အသေအချာ သိရှိနိုင်အောင်၊ စိတ်ဝင်စားလာအောင်လုပ်နေကြတဲ့ သတင်းထောက်တွေနဲ့ မီဒီယာအလုပ်လုပ်နေကြသူတွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အလုပ်တွေကိုလည်း ကုလသမဂ္ဂက အသိအမှတ်ပြုပါတယ်။ အချက်အလက်မှန် မရှိဘဲ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကို တိုက်ဖျက်လို့ မရဘူးဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က ထောက်ပြထားပါတယ်။
သတင်းလွတ်လပ်မှု မရှိရင် လွတ်လပ်မှု လုံးဝ ရှိမှာ မဟုတ်တာမို့ သတင်းလွတ်လပ်ခွင့်ဟာ ရွေးချယ်စရာ မဟုတ်ဘဲ လိုအပ်ချက်တခုဖြစ်ပါတယ်လို့လည်း အလေးထားပြောကြားထားပါတယ်။

အတွင်းရေးမှူးချုပ် Guterres ရဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ ကမ္ဘာ့နေရာစုံမှာ သတင်းမီဒီယာတွေ တိုက်ခိုက် ဖိနှိပ်မှုခံနေရတာမှာ သဘာဝပတ်ဝန်းကျင်အရေး တင်ပြတဲ့ သတင်းထောက်တွေ ပိုပြီး အန္တရာယ်များလာတာကိုလည်း မီးမောင်းထိုးပြထားပါတယ်။
ဒါ့အပြင် ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်မှုအတွင်း သတင်းထောက် အများအပြား သေဆုံးခဲ့တဲ့အပေါ်မှာလည်း သူ့အနေနဲ့ အင်မတန် တုန်လှုပ် စိတ်ပျက်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ အပါအဝင် သတင်းလွတ်လပ်ခွင့် ပိုမို ဆုတ်ယုတ်လာတယ်လို့ သတင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့ CPJ၊ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF တို့လို သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက အထောက်အထားတွေနဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ထားကြပါတယ်။

သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ပိုပြီးအားထုတ်ဆောင်ရွက်ဖို့ နိုင်ငံတိုင်းကို တောင်းဆိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာတဝန်း လွတ်လပ် ဘက်မလိုက်တဲ့ သတင်းမီဒီယာတွေအပေါ် အမေရိကန်ပြည်ထောင်စုက မယိမ်း မယိုင်ထောက်ခံနေပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထပ်မံပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG