သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် ကမ္ဘာ့ အဆိုးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ရှိနေဆဲ


စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း သတင်းထောက်ကေဇွန်နွေးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း သတင်းထောက်ကေဇွန်နွေးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ကမ္ဘာပေါ်က အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၁၇၁ မှာ ရှိနေတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အကဲဖြတ်ထားတဲ့ နိုင်ငံပေါင်း ၁၈၀ ထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် စတဲ့ အဆိုးဝါးဆုံးနိုင်ငံတွေအတူ မြန်မာနိုင်ငံ ရှိနေပြီး ပြီးခဲ့တဲ့နှစ်က အဆင့် ၁၇၃ မှာ ရှိခဲ့သလို၊ အခု အဆင့် ၁၇၁ မှာ ဆက်ရှိနေပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား တယောက် အသတ်ခံခဲ့ရတဲ့အကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းကို ရည်ညွှန်းဖေါ်ပြခဲ့သလို အခုအချိန်အထိ ဖမ်းဆီးခံနေရဆဲ သတင်းထောက် ၅၉ ယောက်နဲ့ သတင်းလုပ်ငန်း လုပ်ကိုင်သူ ၃ ယောက် ရှိတဲ့အကြောင်း ဒီနေ့ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် RSF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ကိုမြတ်သူထွန်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ပဉ္စမမြောက် သတင်းသမား ဖြစ်တယ်လို့လည်း RSF အဖွဲ့က ပြောဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့် အခြေအနေဟာ အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့တာကို RSF အဖွဲ့ကြီးက ထောက်ပြထားပါတယ်။

CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံဟာသတင်းသမားတွေကို အကျဉ်းချတဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၃၀ ထက်မနည်းလည်း ဖမ်းဆီး ထောင်ချခံခဲ့ရတာကိုလည်း RSF အဖွဲ့ကြီးရဲ့ အရင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG