သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNLA/PDF ပူးပေါင်းတိုက်ခိုက်မှု မြဝတီမြို့အခြေစိုက်တပ် ဆုတ်ခွာ


Myawaddy 275 Battalion
Myawaddy 275 Battalion

ထိုင်းမြန်မာနယ်စပ်က နယ်စပ်ကုန်သွယ်ရေးအတွက်အချာကျတဲ့ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်၊ မြ၀တီမြို့မှာ တခုတည်းသာကျန်တော့တဲ့ စစ်ကောင်စီရဲ့ စခန်းဖြစ်တဲ့ ခလရ ၂၇၅ စခန်းကျသွားပြီလို့ပူးပေါင်းတပ်ဖွဲ့တွေကပြောပါတယ်။ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်က နယ်စပ်ကုန်သွယ်ရေးအတွက်အချာကျတဲ့ ကရင်ပြည်နယ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်၊ မြ၀တီမြို့မှာတခုတည်းသာကျန်တော့တဲ့စစ်ကောင်စီရဲ့ စခန်းဖြစ်တဲ့ ခလရ ၂၇၅ စခန်းက စစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားပြီဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဘက်ကခေါင်းဆာင်တဦးက VOA ကို ပြောပါတယ်။

"၂၇၅တော့ကျသွားပြီး၊ စစ်ကူတော့မရဘူး၊ မနက်လင်းခါနီးမှ ရတယ်၊ ညကတည်းတော့ရတယ် ဒီမနက်မှ ရှင်းလင်းနိုင်ခဲ့တယ်။ ၂၇၅တော့ရပြီ ကွန်ဖန်း (အတည်) ဖြစ်ပါတယ်။"

ခလရ ၂၇၅ ရရှိရေးအတွက် နှစ်ဖက်ပစ်ခတ်မူ့အတွင်း KNLA/PDF /KNA စတဲ့ ပူးပေါင်းတပ်ဘက်ကလည်း ၁၄ဦးခန့် ထိခိုက်မူ့ရှိတယ်လို့ သတင်းရပေမယ့် သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။

မြန်မာစစ်တပ်ရဲ့ ခလရ ၂၇၅ ဟာ ညပိုင်းမှာကတည်းက အသံငြိမ်သွားပြီးတော့ တပ်ဆုတ်တယ်လို့ယူဆရတဲ့အကြောင်းနဲ့ မနက်၂နာရီလောက်မှာ ခလရ ၂၇၅ တပ်ဖွဲ့တွေ ဆုတ်ခွာလာတဲ့အခြေအနေကို မြင်ရသူတဦးကလည်း အခုလိုပြောပါတယ်။

"၂၇၅ကျသွားပြီ ၂၇၅ထဲကို BGF (KNA) ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)တွေ ဝင်ပြီးနေတာတွေ့တယ်။ ညကတည်းက အမှတ်(၂) တံတားနားမှာ မြန်မာဘက်က စစ်သားလို့ယူဆရသူတွေ စစ်ဝတ်စုံတွေနဲ့တွေ့ရတယ်။ ဒီမနက်တော့ တံတား(၂)ဘက်မှာ ထိုင်းဘက်ကလည်းလုံခြုံရေးတင်းကြပ်နေတယ်။"

အခုဆိုရင် ထိုင်းစစ်တပ်ကလည်း နယ်စပ်လုံခြုံရေးကိုတင်းကြပ်ထားပါတယ်။ မနေ့တုန်းကလည်း နယ်စပ်တလျောက်မှာ ထိုင်းဖက်က F16 လေယာဉ်တွေ ကင်းလှည့်ပျံသန်းနေပါတယ်။

ထိုင်းဘက်ကိုလက်နက်တွေကျရောက်ပေါက်ကွဲမှုဖြစ်မှာ စိုးရိမ်တာကြောင့် နယ်စပ်တလျောက်မှာလည်း ထိုင်းတပ်က တင့်ကားတွေနဲ့ ကင်းလှည့်နေပါတယ်။ စစ်ကောင်စီဘက်ကတော့မြ၀တီမြို့အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Forum

XS
SM
MD
LG