သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖျာပုံအကျဥ်းထောင် ပဋိပက္ခ ပစ်ခတ်ရှင်းလင်းမှုအတွင်း အကျဥ်းသား ၁၇ဦး ဒဏ်ရာရ


ဖျာပုံအကျဉ်းထောင်
ဖျာပုံအကျဉ်းထောင်

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ မနေ့က တနင်္ဂနွေညနေပိုင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေ အချင်းများခဲ့ကြပြီး ထောင်ပြင်ပက ရောက်ရှိလာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒီနေ့တနင်္လာနေ့မှာတော့ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဥ်းသား တဒါဇင်ကျော်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီရေးအဖွဲ့အစည်းတချို့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

မနေ့က မတ်လ ၃၁ရက်က ဖြစ်ပွားခဲ့တဲ့ ဖျာပုံထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေရဲ့ ပဋိပက္ခကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်၊ ဖြိုခွင်းခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ကိုသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။

" အကျဉ်းဦးစီးဝန်ထမ်းတွေက သူတို့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲကို အဓိကရုဏ်း နှိမ်နင်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါ်ခဲ့တာရှိပါတယ်။ သူတို့တွေဝင်သွားပြီး မကြာခင်မှာပဲ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ အဲဒီအနီးနားမှာရှိတဲ့ သူတွေရဲ့ ပြောဆိုချက်တွေပေါ်မှာ မူတည်ပြီးမှ ကျနော်တို့က ထုတ်ပြန်တာ ဖြစ်ပါတယ်။ ပစ်ခတ်ပြီးတာနဲ့ ဖြိုခွင်းမှုဖြစ်တယ်ပေါ့၊ ဖြိုခွင်းတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသား အပါအဝင် ရာဇဝတ်အကျဉ်းသားတွေရော ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်၊ (သူတို့အားလုံးကို) နောက်ဆုံးအခြေအနေပေါ့နော် အခု တိုက်ပိတ်လိုက်ပြီလို့ သိရပါတယ်ဗျ။"

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာ မရှိပါဘူး။ ပဋိပက္ခစတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သေသေချာချာ မသိရသေးပေမဲ့ ထောင်အာဏာပိုင်တွေဘက်က ထုတ်ပြန်ထားတာနဲ့ ပတ်သတ်ပြီး ကိုသိုက်ထွန်းဦးက အခုလို ပြောပါတယ်။

" အကျဉ်းဦးစီးဘက်ကတော့ သူတို့ကို အကျဉ်းသားတွေက အသက်အန္တရာယ် ခြိမ်းခြောက်သလို လုပ်ပြီးမှ ထောင်ဖောက်ရန်ကြံစဉ်တယ် ဆိုတဲ့ အကြောင်းပြချက်ကိုတော့ အကျဉ်းဦးစီးက ပြောဆိုတာမျိုး ရှိပါတယ်။ သို့သော်လည်း မြေမြင်ရဲ့ တကယ့်အစစ်အမှန်တော့ အသံတခုထုတ်ဖို့အတွက်ဆို ကျနော်တို့က အကျဉ်းသားတွေရဲ့ အသံကိုလည်း နားစွင့်ရမှာ ဖြစ်တယ်ပေါ့နော်။ အခုလက်ရှိမှာ အကျဉ်းဦးစီးဌာနရဲ့ ပြောဆိုမှုတွေက သေနတ်ပစ်ခတ်ပြီးမှ ငြိမ်အောင်ထိန်းရခြင်း ဖြစ်တယ်ဆိုတဲ့ ရှုထောင့်ကိုတော့ သူတို့ပြောနေတာ ရှိပါတယ်။"

အကျဥ်းထောင်တွေမှာ ခုလို ပဋိပက္ခတွေဖြစ်ပွားတိုင်း ထောင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းလေ့ရှိတာကြောင့် မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေကြတာပါ။ ၂၀၂၃ ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ထောင်က ဆူပူမှုအတွင်းမှာလည်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ရက်ကလည်း ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ ထောင်ဖောက်ပြေးလို့ ခြောက်လှန့်ပစ်ခတ်ရင်း ထိမှန်သေဆုံးခဲ့တာလို့ အကျဉ်းဦးစီးဌာနက နောက်ပိုင်းမှာ မိသားစုဆီကို အကြောင်းကြားခဲ့ပါတယ်။ တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ဖိနှိပ်မှုမျိုးစုံကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသခွင့်ကိုလည်း မရရှိဘူးလို့ အကျဉ်းသား ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ အခုအချိန်အထိ တနိုင်ငံလုံးက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀,၂၉၀ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ အချက်အလက်တွေဟာ မှန်ကန်မှုမရှိဘူးဆိုပြီး ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG