သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားတွေ ယူနန်ပြည်နယ်မှာ MoU နဲ့ အလုပ်လုပ်ခွင့်ရဖို့စီစဉ်


တရုတ်မြန်မာနယ်စပ်ဂိတ်
တရုတ်မြန်မာနယ်စပ်ဂိတ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးလိုက်ကြောင်း မြန်မာ အလုပ်သမားရေးဌာနက ပြောပါတယ်။ ၂ နိုင်ငံ တာဝန်ရှိသူတွေကြား အသေးစိတ် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းပြီးတဲ့အခါ မြန်မာအလုပ်သမားတွေကို စတင်စေလွှတ်မယ်လို့လည်း ပြောပါတယ်။။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကုန်ထုတ်လုပ်ငန်းတွေအတွက် မြန်မာအလုပ်မားတွေကို MoU စာချုပ်နဲ့ တရားဝင်ခေါ်ယူဖို့ တရုတ်အစိုးရက လက်ခံလိုက်တာ ဖြစ်ပါတယ်။ မြန်မာဘက်က အလုပ်သမားစေလွှတ်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှု MoU စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့လည်း မြန်မာအလုပ်သမားရေးဌာန တာဝန်ရှိသူ တဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

" တရုတ်ကတော့ ယူနန်ပြည်နယ်ထဲက တယ်ဟုန်ပြည်နယ်ခွဲပေါ့ အဲဒီမှာရှိတဲ့ စက်မှုဇုံကို ကျနော်တို့ မြန်မာအလုပ်သမားတွေ လာလုပ်ဖို့ဆိုပြီး သူတို့နဲ့ ကျနော်တို့ ရှမ်းပြည်နယ်အစိုးရနဲ့ MoU ထိုးပြီးပါပြီ။ ပြည်ဝင်ဗီဇာဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေ ဒါတွေကတော့ process ကို ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။ ပြောရရင် တရုတ်နိုင်ငံရဲ့ မူဝါဒအရကလည်း ဗဟိုအစိုးရကချုပ်ကိုင်ထားတဲ့ ပြည်ဝင်ခွင့်နဲ့ ဗီဇာကန့်သတ်မှုဆိုင်ရာ ပတ်စ်ပို့ အတည်ပြုချက်ဆိုင်ရာတွေက အောက်ပြည်နယ်ခွဲတွေမှာ လုပ်ကိုင်ခွင့်မရှိဘူး၊ အဲဒီတော့ (တရုတ်) ဗဟိုအစိုးရရဲ့ သဘောထားနဲ့ သူတို့ရဲ့ အတည်ပြုချက် သဘောတူညီမှုက ပိုပြီးတော့ အခရာကျတယ်လို့ ဒီလိုပဲပြောရမှာ ဖြစ်ပါတယ်ဗျ။"

မေလဆန်းမှာ မြန်မာကိုယ်စားလှယ်အဖွဲ့က တယ်ဟုန်ပြည်နယ်ကိုသွားပြီး တာဝန်ရှိသူတွေနဲ့ အသေးစိတ်အချက်တွေကို ဆွေးနွေးဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲအပေါ်မူတည်ပြီး လုပ်သားစေလွှတ်မဲ့အစီအစဉ် အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာ တရားဝင်အလုပ်လုပ်ခွင့်မရရှိဘဲ ယာယီနေထိုင်ခွင့်တွေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြတာပါ။ ရက်လွန်နေထိုင်တာတွေ၊ နယ်စပ်ဖြတ်ကျော်တာတွေကြောင့် တရုတ်မှာ အကျဉ်းကျသူတွေလည်း အများအပြားရှိပါတယ်။ မကြာသေးခင်ကလည်း ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့က အထည်ချုပ်စက်ရုံ ၂ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အခွင့်အရေးတချို့ရဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အလုပ်ရှင်တွေက တောင်းဆိုချက်တွေကို မလိုက်လျောဘဲ အလုပ်သမား ၂၀၀ လောက် ကို နေရပ်ပြန်ပို့လိုက်ပါတယ်။

မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်အပါအဝင် ပြည်တွင်းက အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက တရုတ်ရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး တရားဝင် အလုပ်လုပ်ခိုင်ခွင့်နဲ့အတူ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရဖို့ မျှော်လင့်ကြောင်းလည်း ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG