သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်ဒေသခံတွေ ပြန်လာဖို့ စစ်ကောင်စီခေါ်ပေမယ့် အိမ်မီးလောင်ပြီး နေစရာမရှိသူများပြား 


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ နေရပ်ပြန်ချင်သူတွေ စာရင်းပေးသွင်းပြီး အိမ်ပြန်နိုင်ပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားလာပေမယ့် ပြန်ရောက်ပြီးမှ နေအိမ်မီးလောင်ပြီး နေစရာမရှိတော့တဲ့ အဖြစ်နဲ့ ကြုံရသူတွေလည်း ရှိနေပါတယ်။ တဘက်မှာလည်း မြို့တွင်းမှာ ပြန်နေထိုင်နိုင်ဖို့က ရေနဲ့ စားသောက်ရေး စတဲ့အခြေခံလိုအပ်ချက်တွေ ပြင်ဆင်ပေးထားတာ မရှိလို့ ရေရှည်အတွက် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးထားပါတယ်။

ဆီဆိုင်မြို့နယ်မှာ စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြတာပါ။ အချိန်ကာလ ၃ လကြာလာချိန်မှာတော့ ဒေသဦးစီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး နေရပ်ပြန်ချင်တဲ့ ပြည်သူတွေ နေရပ်ပြန်နိုင်ပြီလို့ စစ်ကောင်စီက ဧပြီလ ၂၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ပြန်ချင်သူတွေအနေနဲ့ နာမည်စာရင်း ပေးသွင်းရမှာဖြစ်ပြီး ဧပြီ ၂၄ ဗုဒ္ဓဟူးနေ့ကစလို့ နေရပ်ပြန်တဲ့ ဒေသခံတော်တော်များများ ရှိလာတယ်လို့ ဆိုပါတယ်။

"ဒီနေ့ပြန်မယ်လို့ စိတ်ကူးထားတာ မိတ်ဆွေတယောက်က ပြန်တော့ အိမ်မီးလောင်သွားပြီ၊ မရှိတော့ဘူးဆိုပြီး ဖုန်းဆက်လာတော့ မပြန်တော့ဘူးပေါ့။ ပြောရရင်တော့ ဆီဆိုင်ရဲ့ ၄ပုံ ပုံ ၃ပုံလောက်က မီးလောင်သွားပြီလေ။ ဆိုတော့ အဲဒီလူတွေက ပြန်လည်းပဲ ဘာမှမထူးတော့ဘူး။ သူတို့မှာ နေစရာမှမရှိတာ။ ကိုယ်တွေအပါအဝင် ပြန်လည်းနေစရာ မရှိတော့တဲ့သူတွေက မပြန်တော့ဘူးပေါ့။ ပြန်တဲ့သူတွေတော့ တချို့ရှိပါတယ်။ အဲဒီပြန်တဲ့သူတွေက သူတို့မှာ နေအိမ်ရှိတဲ့အခါ သူတို့ပြန်ကြတာပေါ့။"

နေအိမ်မီးထဲပါသွားလို့ ပြန်စရာအိမ် မရှိသူတွေ များပါတယ်။ ပြန်ဖို့အိမ် ရှိသူတွေအတွက်ကလည်း နေ့စဉ်နေထိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိနေပြီး ရေရှည်နေနိုင်ဖို့ အခက်အခဲရှိတယ် စစ်ရှောင်နေရတဲ့ ဆီဆိုင်မြို့ခံ တဦးက ပြောပါတယ်။

"ပြန်တဲ့သူတွေလည်း ဘယ်လိုမှ အဆင်ပြေစရာ အကြောင်းမရှိဘူး။ လျှပ်စစ်မီး မရှိတဲ့အတွက် ရေအခက်အခဲဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဆီဆိုင်မှာက ဂျပန်ကနေ လုပ်ပေးထားတဲ့ ရေပေးဝေရေး စနစ်က လျှပ်စစ်မော်တာနဲ့ ရေတင်ပြီးမှ မြို့ကိုဖြန့်တဲ့ စနစ်လေ။ ဆိုတော့ မီးမရှိတဲ့အတွက် ရေလည်းမရှိဘူး။ နောက်ပြီးတော့ စားနပ်ရိက္ခာအတွက် ဝယ်ခြမ်းစရာနေရာ မရှိဘူး။ ဝယ်ချင်ရင် ၁၂ မိုင်လောက်ဝေးတဲ့ ဆိုက်ခေါင်ရွာကို သွားဝယ်ရမယ်။ တခုခုဖြစ်တယ် ဆိုရင်လည်း ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှု ဘာမှမရှိဘူး။ တခုခုဖြစ်လို့ မိတ်ဆွေတွေ နီးစပ်ရာတွေကို အကြောင်းကြားဖို့ ဆက်သွယ်စရာ ဖုန်းလိုင်းလည်း မမိဘူး။ ဒီအချက်တွေနဲ့ ဒီလူတွေက အသက်ရှင်ရပ်တည်နိုင်အောင် ဘယ်လိုလုပ်နေမလဲ။"

ဒေသခံတွေ နေရပ်ပြန်နိုင်ပြီလို့ အကြောင်းကြားလာပေမယ့် လက်တွေ့မှာတော့ ပျက်စီးထားတာတွေကို ပြင်ဆင်ထားတာ မရှိဘူးလို့ ပြောပါတယ်။ အခုပြန်နေသူတွေလည်း ရေရှည်နေလို့မရသလို အနီးဝန်းကျင်မှာ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေလို့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့အထိတောင် မြို့ရဲ့အနီးနား ပတ်ဝန်းကျင်တွေမှာပဲ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ဒီနေ့တောင် ၇ မိုင်၊ ၈ မိုင် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ လုံခြုံမှုမရှိဘူး။ လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး။"

ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် PNLA အပါအဝင် ပူးပေါင်းတပ်တွေကြားက တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဇန်နဝါရီလကတည်းက မြို့ကိုစွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။ စစ်ရှောင်သူအများစုက တောင်ကြီးနဲ့ အနီးတဝိုက်မှာ နေထိုင်ကြပြီး၊ တချို့ကလည်း တောထဲမှာ ဖြစ်သလို နေကြပါတယ်။

မြို့ထဲပြန်ဝင်ပြီး နေအိမ်က ပစ္စည်းပြန်ယူတဲ့ ဒေသခံလူငယ်တချို့ ပျောက်ဆုံးတာလည်း ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ မြို့ထဲကို ပြန်ဝင်လာတဲ့ ဒေသခံတွေ ရှိလာပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ ပြန်မလာကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG