သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင် စစ်ဘေးရှောင်တချို့ နေအိမ်ပြန် ရိက္ခာယူစဉ် ပျောက်ဆုံး


ဆီဆိုင်မြို့ (Photo : Citizen Journalist)
ဆီဆိုင်မြို့ (Photo : Citizen Journalist)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ဒေသခံတွေဟာ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်လာချိန်မှာ ပျောက်ဆုံးသူတချို့ ရှိလာတယ်လို့ စစ်ရှောင်သူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပျောက်ဆုံးသူ အများစုက လူငယ်၊ လူလတ်ပိုင်း အရွယ်တွေဖြစ်ပြီးတော့ လနဲ့ချီ ပျောက်ဆုံးနေတာပါ။ စစ်ရှောင်နေကြတဲ့ ဆီဆိုင်ဒေသခံတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

ဆီဆိုင်မြို့နယ်မှာ စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြတာပါ။ တိုက်ပွဲငြိမ်သက်နေချိန်မျိုးမှာ ကိုယ့် နေအိမ်ကိုယ် ပြန်သွားပြီး ပစ္စည်းသယ်ယူ ကြသူတွေထဲက တချို့ဟာ ပစ္စည်းသွားယူရင်း ပျောက်ဆုံးနေတာမျိုး ကြုံလာရတယ်လို့ ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။

"ရက်ကြာလာနဲ့အမျှ ရိက္ခာပြတ်တော့ မြို့ထဲကို ပြန်ပြီးတော့ ရိက္ခာပစ္စည်းတွေ သယ်ကြတာပေါ့။ သယ်တဲ့အခါ ပျောက်ဆုံးတဲ့သူတွေ ရှိတယ်ပေါ့နော်။ ခန့်မှန်းခြေကတော့ ၂၀ နဲ့ ၃၀ ကြားမှာ ရှိတယ်ပေါ့။ အဲဒီထဲမှာ တချို့လည်း ပြန်ရောက်လာတဲ့သူတွေ ရှိတယ်။ တချို့လည်း သေဆုံးသွားတယ်လို့ သိရတယ်ပေါ့။ ဒါက မြို့ထဲကိုပြန်ဝင်လို့ ပျောက်ဆုံး၊ သေဆုံးတဲ့သူပေါ့။ များသောအားဖြင့်တော့ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူငယ်တွေ ပျောက်ဆုံးတာတော့ များတာပေါ့။"


ဆီဆိုင်မြို့ထဲမှာ စစ်ကောင်စီအဖွဲ့တွေ ရှိနေပြီး၊ တော်လှန်ရေးတပ်တွေကတော့ မြို့ရဲ့အနီးဝန်းကျင်မှာ ရှိနေတယ်လို့ ပြောပါတယ်။ လုံခြုံရေးအခြေအနေ ဆိုးဝါးနေတဲ့ကြားကပဲ ဒေသခံတွေကတော့ ဒီကနေ့အချိန်အထိ သူတို့ရဲ့ နေအိမ်တွေကနေ ပစ္စည်းတွေ သွားသယ်နေကြတာပါ။ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူဟာ နေအိမ်မှာ ပစ္စည်းပြန်ယူရင်း ပျောက်ဆုံးနေတာ ဖြစ်ပြီး၊ သားဖြစ်သူကို အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဖခင်တဦးက ပြောပါတယ်။

"ကျနော့်သားပျောက်တာ ၂ လနဲ့ ၅ ရက်ဝန်းကျင်လောက် ရှိပြီဗျ။ ကျနော်လည်း လောလောဆယ်တော့ ဘာမှမသိရသေးဘူး။ ဆုံးသွားတယ်လို့တော့ ကြားတယ်။ အတည်တော့ မပြုနိုင်သေးပါဘူး။ ပျောက်နေသူတွေ အကုန်လုံး ပြန်ရှာတွေ့ဖို့ ကျနော်လည်း ဆုတောင်းနေပါတယ်။"

စစ်ရှောင်နေသူ အများစုက တောင်ကြီးနဲ့ အနီးတဝိုက်မှာ နေထိုင်ကြတာဖြစ်ပြီး တချို့က အိမ်ပြန်တဲ့လမ်းမှာပဲ ပျောက်ဆုံး နေတာလို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ဒေသခံတွေဟာ တောထဲမှာ ဖြစ်သလို နေနေရတာဖြစ်ပြီး သူတို့ဟာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တော်တော် လိုအပ်နေတယ်လို့ စစ်ရှောင်နေသူ တဦးက ပြောပါတယ်။

"ကျနော် ကိုယ်တိုင်လည်း စစ်ရှောင်ပဲလေ။ ကျနော်ကတော့ တောင်ကြီးမြို့ပေါ် အသိအိမ်မှာ နေတာဆိုတော့ ပြဿနာ သိပ်မရှိပါဘူး။ တောင်ကြီးဝန်းကျင် ရွာတွေမှာနေတဲ့ စစ်ရှောင်တွေကတော့ စားရေးသောက်ရေး အရမ်းခက်ခဲတယ်။ ကြာလာတာနဲ့အမျှ သူတို့ရဲ့ စားနပ်ရိက္ခာအတွက်က တော်တော်လေး ဆိုးရွားလာတဲ့ အနေအထားရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းလည်း ကြည့်မယ်ဆို စစ်ရှောင်တွေကို စနစ်တကျနဲ့ ကူညီနေတဲ့ ကျန်းမာရေး အဖွဲ့အစည်းဆိုတာ ဒီလိုအချိန်မှာ မရှိသလောက်ပါပဲ။"

ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA အပါအဝင် ပူးပေါင်းတပ်တွေကြားက တိုက်ပွဲတွေကြောင့် ဒေသခံတွေ မြို့ကိုစွန့်ခွာ ထွက်ပြေးနေရတာ ၂ လကျော် နေပြီ ဖြစ်ပါတယ်။ အခုချိန်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်မနေပေမယ့်လည်း ပြန်လည်ဝင်ရောက်ပြီး နေထိုင်သူတော့ လုံးဝမရှိသေးဘူးလို့ လည်း ပြောပါတယ်။ လျှပ်စစ်မီးလည်း မရပဲ၊ သောက်သုံးရေ မရသလို၊ နေထိုင်သူမရှိတဲ့အတွက် အစားအသောက် ပစ္စည်းရောင်းချသူလည်း မရှိတာကြောင့် နေအိမ်ပြန်နေဖို့ အဆင်မပြေ ဖြစ်နေကြတာပါ။ တချို့နေအိမ်တွေမှာ ပစ္စည်းတွေ ခိုးယူတာ ခံနေရသလို ကိုယ့်နေအိမ်ကပစ္စည်း ကိုယ် သွားပြီး ပြန်ယူသူတချို့လည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG