သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းအတွင်း အပူဒဏ်ကြောင့် သေဆုံးမှုရှိနေ


ရန်ကုန်မြို့မှာ အပူဒဏ်အောက် လမ်းလျှောက်နေသူ အမျိုးသမီးတဦး။ (April 25, 2024)
ရန်ကုန်မြို့မှာ အပူဒဏ်အောက် လမ်းလျှောက်နေသူ အမျိုးသမီးတဦး။ (April 25, 2024)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုရေးအသင်းတွေကပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့ မဏိသာလကို ကိုးကားပြီး တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာနက မေလ ၃ ရက် (သောကြာနေ့) က ရေးပါတယ်။

သေဆုံးသူတွေထဲက အယောက် ၃၀ ဝန်းကျင်ဟာ နဂိုရှိရင်းစွဲ နာတာရှည်ရောဂါခံစားနေရသူတွေ ဖြစ်ပြီး အများစုမှာ အသက် ၅၀ ကနေ ၉၀ အတွင်းရှိသူတွေလို့ ဆိုပါတယ်။ ဧပြီလထဲ အပူချိန်မြင့်တက်မှုကြောင့် အပူလျှပ် အပူလွန်ကဲ လေသင်တုန်းဖြတ်မှု တွေ သိသိသာသာ မြင့်တက်လာတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

မတ်လတုန်းက အပူလျှပ်လို့ ဆေးရုံတင်ထားရသူက (၈) ဦးသာရှိပေမယ့် ဧပြီလထဲမှာ (၅၀) ကျော်အထိ တိုးလာကြောင်း မဏိသာလအဖွဲ့က တာဝန်ရှိသူတဦးက ဆင်ဟွာကို ပြောပါတယ်။ စစ်ကောင်စီကတော့ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက် အရတော့ မန္တလေးတိုင်းဒေသကြီးမှာ ဧပြီ ၂၈ ရက်က အပူချိန် ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ်အတွင်း အပူဆုံးဧပြီနေ့ကို ကြုံတွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တရားဝင် မိုးလေဝသ အချက်အလက်တွေအရ ဧပြီလထဲမှာ မြန်မာနိုင်ငံတဝန်းက ဒေသဆယ်ခုကျော်မှာ အရင်က တင်ထားတဲ့ အမြင့်ဆုံး အပူချိန် စံချိန်တွေကို ကျော်လွန်ခဲ့တာပါ။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက နေရာအများအပြားဟာ ကမ္ဘာ့အပူဆုံးနေရာတွေ စာရင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက အပူချိန်မှတ်တမ်းတွေပြုစုတဲ့ အယ်လ်ဒိုရာဒို Eldorado Weather က ထုတ်ပြန်တဲ့ ကမ္ဘာ့အပူဆုံး (၁၅) မြို့စာရင်း မေလ ၄ ရက် နောက်ဆုံးထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံက မြို့တွေ မပါဝင်တော့တာကို တွေ့ရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ ၄ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးတွေနဲ့ ကရင်၊ မွန်ပြည်နယ်တွေမှာ မေလ ပျမ်းမျှအပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်ကနေ ၄ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်နေဆဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာလည်း မေလ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လျှပ်စစ်မီး ပုံမှန်မရရှိတဲ့ ရန်ကုန်မြို့ခံတွေရဲ့ ဆိုရှယ်မီဒီယာပေါ် ပြောဆိုချက်တွေမှာတော့ မေလထဲမှာလည်း အပူချိန်တိုးမြင့်နေတာကို ခံစားနေရဆဲ ဖြစ်သလို လျှပ်စစ်မီး ပုံမှန် မရရှိလို့ အပူဒဏ်ကို ကာကွယ်ဖို့ အခက်အခဲရှိနေပြီး သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်ရတယ်လို့ ရေးသားနေကြတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG