သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cornell တက္ကသိုလ်က မြန်မာ့နိုင်ငံသစ်ဆွေးနွေးပွဲ


အနာဂတ်မြန်မာနိုင်ငံသစ်အကြောင်း အမေရိကန်ပြည်ထောင်စု ကော်နယ်လ်တက္ကသိုလ်မှာကျင်းပတဲ့ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့ကြသူများ။ (မေ ၂၊ ၂၀၂၄/zoom screenshot)
အနာဂတ်မြန်မာနိုင်ငံသစ်အကြောင်း အမေရိကန်ပြည်ထောင်စု ကော်နယ်လ်တက္ကသိုလ်မှာကျင်းပတဲ့ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့ကြသူများ။ (မေ ၂၊ ၂၀၂၄/zoom screenshot)

အနာဂတ်နိုင်ငံတည်ထောင်တဲ့အခါမှာ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့သံသရာကို ရပ်တန့်ရမယ်လို့ လူနည်းစု ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ထဲမှာရှိတဲ့ အထင်ကရ Ivy League တက္ကသိုလ်ကြီးတခုဖြစ်တဲ့ ကော်နယ်လ် (Cornell) တက္ကသိုလ်မှာကျင်းပတဲ့ မြန်မာနိုင်ငံသစ်အကြောင်း ဆွေးနွေးပွဲမှာ အဲဒီလို ပြောတာပါ။ လူနည်းစု လူမျိုးစုတွေပုံဖော်တဲ့ နိုင်ငံသစ်အကြောင်းဆွေးနွေးပွဲကို အွန်လိုင်းကတက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက ကော်နယ်လ်တက္ကသိုလ် မြန်မာ့ရေးရာအစီအစဥ်မှာ ဆွေးနွေးကြတဲ့ပွဲမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရိုဟင်ဂျာ အစရှိတဲ့ မတူကွဲပြားတဲ့ လူနည်းစု လူမျိုးစုဝင်တွေထဲက ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ လူနည်းစုတွေရဲ့အမြင်၊ မျှော်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံသစ်ရဲ့ အလားအလာရှိတဲ့ ဖွဲ့စည်းပုံအနေအထားတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတာပါ။ ဦးဆောင်ဆွေးနွေးသူတွေထဲကတဦးဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်ခဲ့သူ၊ လက်ရှိ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကတော့ အားလုံးမျှော်မှန်းတဲ့ အနာဂတ်မက အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ပြီး လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေနိုင်ကာ တရားမျှတမှု ရရှိဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“အနာဂတ်မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ လုံးလုံး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အပြစ်ကျူးလွန်သူတွေကို ဘယ်လိုပဲ ပေးဆပ်ရပါစေ၊ အပြစ်ပေး အရေးယူနိုင်ရပါမယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ကို ရပ်တန်းက ရပ်ရပါမယ်။ ဒါမျိုး ထပ်မဖြစ်စေရပါဘူး။”

Cornell တက္ကသိုလ်က မြန်မာ့နိုင်ငံသစ်ဆွေးနွေးပွဲ
please wait

No media source currently available

0:00 0:05:43 0:00

နှစ် ၇၀ အတွင်းမှာ ခံရသူတွေသာ ပြောင်းသွားပေမယ့် ကျူးလွန်တဲ့အဖွဲ့အစည်းကတော့ မပြောင်းလဲသလို အရေးယူအပြစ်ပေးခံရတာမရှိခဲ့ဘူးလို့ ဦးအောင်ကျော်မိုးက ထောက်ပြပါတယ်။ ဒီလို ရှေ့ဆက်ဖြစ်ခွင့်ပေးနေရင် ဒီနေ့မှာ ကရင်လူမျိုးတွေ ကျူးလွန်ခံရရင် နောက်နေ့တွေမှာ ကရင်နီ၊ ရိုဟင်ဂျာ အစရှိသလို ဆက်ပြီး ကျူးလွန်ခံနေရဦးမှာပဲလို့ သူက သတိပေးပါတယ်။ လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးက ဒီလို ဖြစ်ခွင့်ပေးနေတဲ့ စနစ်ကြီး တခုလုံးကို တိုက်ဖျက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံသစ်၊ ဗမာနိုင်ငံသစ် ဘယ်လို နာမည်နဲ့ ဖြစ်ဖြစ် အားလုံးသဘောတူတဲ့ နာမည်တခုနဲ့ နိုင်ငံသစ်မှာ လူတိုင်းကို ဘာကိုးကွယ်ယုံကြည်တယ် ဆိုတာနဲ့ သွင်ပြင်လက္ခဏာအပေါ်မကြည့်ဘဲ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်ရည်ကိုသာ ကြည့်ပြီး လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့အပေါ် အခြေခံရပါမယ်။“

အနာဂတ်နိုင်ငံမှာ ကချင်၊ ကရင်၊ ခရစ်ယာန် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် ဖြစ်ဖြစ် အရည်အချင်းရှိရင် သမ္မတ၊ ဝန်ကြီးချုပ် ခေါင်းဆောင်ရာထူးတွေ ယူနိုင်ရမယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။ တဘက်မှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ တော်လှန်ရေးအတွင်းမှာ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာဝင် အုပ်စုတွေကြား အရင်ကနဲ့မတူတဲ့ စုစည်းညီညွတ်မှုတွေ တည်ဆောက်နိုင်နေပြီလို့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက တညီတညွတ်တည်း ပြောကြပါတယ်။

ဒီအခွင့်အရေးကို ဆုပ်ကိုင်ကာ အနာဂတ်မှာ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ပြန်လည်ညှိနှိုင်းပြီး ဒေသအလိုက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ပြဌာန်းခွင့်တွေနဲ့အတူ နိုင်ငံသစ်တည်ထောင်နိုင်ဖို့ အကောင်းဆုံး အနေအထားရှိနေတယ်လို့ ဆိုပါတယ်။ လူများစု မြန်မာလူထုနဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေကလည်း တိုင်းရင်းသား လူနည်းစုတွေ ခေတ်အဆက်ဆက် ခံစားလာခဲ့ရတာကို ပိုနားလည် စာနာ နားလည်နိုင်လာလို့ နိုင်ငံသစ်မှာ စုစည်းမှုပိုအားကောင်းဖို့ အလားအလာ ရှိနေတယ် ဆိုပါတယ်။

အဓိက ဆွေးနွေးသူတဦးဖြစ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဒုတိယ ဥက္ကဋ္ဌ အယ်ဗလင်းကတော့ ပြည်မအစိုးရက ကယားလို့ နာမည်ပြောင်းခဲ့တဲ့ ကရင်နီပြည်မှာ အရင်က စစ်အစိုးရကို တော်လှန်တာအပြင် ဒေသတွင်းက လက်နက်ကိုင်အစုအဖွဲ့တွေကြား တိုက်ခိုက်မှုတွေတောင် ရှိခဲ့ပေမယ့် အခု ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာတော့ အမြင့်ဆုံး ညီညွတ်ရေးကို တည်ဆောက်ထားနိုင်နေပြီလို့ ပြောပါတယ်။

“စစ်အာဏာသိမ်းလိုက်ချိန်မှာ ညီညွတ်မှု မရှိရင်၊ စုပေါင်း ခေါင်းဆာင်မှု မတည်ဆောက်နိုင်ရင် စစ်ကောင်စီကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာကို လူတိုင်းက သိလာပါတယ်။ စစ်တပ်က သူတို့ရဲ့ အဆင့်မြင့်လက်နက်တွေနဲ့ ကျွန်မတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။၊ ကျွန်မတို့ ညီညွတ်မှု မရှိမှသာ သူတို့ အနိုင်ရသွားမှာပါ။ ဒါကျွန်မတို့ရဲ့ ယုံကြည်ချက်ပါ။”

ကြားကာလ ကရင်နီပြည် အုပ်ချုပ်ရေးမှာလည်း ဒေသတွင်းက လူအားလုံးကို ကိုယ်စားပြုတဲ့ အစီအမံတွေ ထည့်သွင်းထားပြီး အောက်ခြေအဆင့်ကနေ စတင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတယ်လို့ အယ်ဗလင်းက ရှင်းပြပါတယ်။ ကရင်နီပြည်ကို လူမျိုးစု တခုတည်းနဲ့ တည်ထောင်ထားတာ မဟုတ်ဘဲ လူမျိုးစုံနဲ့ တည်ထောင်ထားတာ ဖြစ်လို့ မတူကွဲပြားတဲ့ လူမျိုးစု အားလုံးကို ဒေသန္တရ ရပ်ရွာ အစီအမံတွေမှာ ပါဝင်နိုင်အောင် အသေအချော ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

“ကျွန်မတို့က လူနည်းစုတွေအရေးကို အင်မတန် ဂရုပြုပါတယ်။ ကျွန်မတို့ဆီမှာ လူနည်းစုတွေအများကြီး ရှိပါတယ်။ ဗမာကလည်း ကရင်နီပြည်မှာ လူနည်းစုဝင်ပါ။ ဒါကြောင့် သူတို့ရဲ့ အသံတွေကို မူဝါဒနဲ့ အုပ်ချုပ်ရေးစနစ် ယန္တရားတွေမှာ ပါဝင်နိုင်ဖို့ ကျွန်မတို့ ဂရုစိုက်ပါတယ်။”

ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုက ၉၀ ရာခိုင်နှုန်းဝန်းကျင် ထိန်းချုပ်ထားနိုင်ပြီး စုပေါင်း ခေါင်းဆာင်မှု စနစ်အောက်မှာ အားလုံးပါဝင်နိုင်တဲ့ အစိုးရအဖွဲ့ပုံစံကိုလည်း အောက်အောင်မြင်မြင်နဲ့ တည်ဆောက်ထားနိုင်ပြီး လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး စနစ်တွေ ထူထောင်ထားနိုင်နေပြီ လို့လည်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဒုတိယဥက္ကဋ္ဌ အယ်ဗလင်းက ရှင်းပြပါတယ်။

နောက်ထပ် ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် ချင်းအဖွဲ့အစည်း (မေရီလန်း) အမှုဆောင် ညွှန်ကြားရေးမှူး ဇိုသုန်းမှုန် (Zo Tum Hmung) က ဒီလို ကမ္ဘာ့အထင်ကရ တက္ကသိုလ်ကြီးတခုမှာ မြန်မာပြည်ဖွား လူမျိုးစုံက မြန်မာပြည်သစ်ကို တည်ထောင်နိုင်ဖို့ အတူစဥ်းစားဆွေးနွေးရတာ အကျိုးရှိတယ်လို့ ဆွေးနွေးပွဲ အပြီးမှာ ဗွီအိုအေကို ပြောပါတယ်။ ချင်းလူမျိုးစုတွေအနေနဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို အတိအလင်း ပြဌာန်းထားတဲ့ ပင်လုံစာချုပ်က အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ ဇိုသုန်းမှုန်က ပြောပါတယ်။

“ဒါကြောင့်မလို့ News Myanmar မြန်မာပြည်အသစ် ပြည်ထောင်စုအသစ် ပြန်လည်ထူထောင်မယ်ဆိုပြီးတော့ စဥ်းစားတဲ့အခါမှာ ချင်းတွေအတွက်က ပင်လုံစာချုပ် အရေးကြီးတယ်။ အခြေခံဖွဲ့စည်းပုံ Constitution အရေးကြီးတယ်။ အဲဒီ Constitution မှာ ကိုယ့်ရဲ့ပြည်နယ်ပဲ ဖြစ်ဖြစ်၊ ဒေသန္တရပဲဖြစ်ဖြစ် ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝရှိဖို့ လိုတယ်။ နောက်တခုကတော့ အာဏာခွဲဝေမှု ဘယ်လိုလုပ်မလဲ၊ ဗဟိုနဲ့ ပြည်နယ်ကြား၊ ပြည်နယ်နဲ့ ဒေသန္တရကြားမှာ ဘယ်လို အာဏာခွဲဝေမလဲ ဆိုတာ အရေးကြီးတဲ့ အချက်ကိုလည်း ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။”

ပြည်ထောင်စုအသစ် ထူထောင်ရာမှာ သဘာဝ သယံဇာတ ပိုင်ဆိုင်မှု၊ ခွဲဝေမှု (Revenue Sharing) ကို ဗဟိုနဲ့ ပြည်နယ်ကြား ဘယ်လိုခွဲဝေမလဲဆိုတာကို ဖွဲ့စည်းပုံမှာ စနစ်တကျ ထည့်သွင်းဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဇိုသုန်းမှုန်က ပြောပါတယ်။

တက်ရောက်ဆွေးနွေးကြသူတွေက လက်ရှိ အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြီးမှသာ တရားမျှတမှု ရှိပြီး အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စု အစစ်အမှန် တည်ဆောက်နိုင်မှာဖြစ်ကြောင်း ကိုယ့်ဒေသအခြေအနေပေါ်အခြေခံပြီး လူနည်းစုအမြင်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေ ထုတ်ပြန်ချက်တွေထဲမှာတော့ ရွေးကောက်ပွဲ၊ ပါလီမန်စနစ်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုတာတွေရှိပေမယ့် အရင် စစ်အစိုးရတွေ လက်ထက်ကတည်းက ချမှတ်ထားတဲ့ တို့တာဝန်အရေး (၃) ပါး ကို ညွန်းဆိုပြီး ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှာကို မလိုလားဘူးလို့ မကြာခဏ သတိပေးလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG