သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ကျိုက်မရော ဒေသခံတွေ နေရပ်စွန့်ခွာ


မီးထပ်လောင်နေတဲ့ ဓမ္မသကျေးရွာ
မီးထပ်လောင်နေတဲ့ ဓမ္မသကျေးရွာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာကို ဒီကနေ့မှာ စစ်ကောင်စီ လေယာဉ်က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် ရွာ မီးလောင်တာကို တဖက်ကမ်းကနေ မြင်နေရတယ်လို့ လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို မမြသဇင်အောင် ပြောပြမှာပါ။

ဒီကနေ့ ဧပြီလ ၈ ရက် တနင်္လာနေ့ နေ့လည် ၃ နာရီဝန်းကျင် လောက်မှာ စစ်ကောင်စီ လေယာဉ်ဟာ မွန် ကရင်နယ်စပ်က ဓမ္မသ ကျေးရွာကို နာရီနဲ့ချီ ပျံဝဲပြီး ပစ်ခတ်ခဲ့တာပါ။ ဒီလို လာရောက် ပစ်ခတ်တာကြောင့် မီး ထပ်မံလောင်ကျွမ်းပြီး မီးခိုးငွေ့တက်လာတာကို တွေ့ရတယ်လို့ ဓမ္မသစစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"အခုလည်း ဓမ္မသမှာ ပစ်နေတုန်းပဲ။ လေယာဉ်လည်း ဝဲနေတယ်။ အချိန် ၁ နာရီ ကြာနေပြီ။ ရွာလုံးမကျွတ်သေးဘူး၊ သူက ၇၅ ရာခိုင်နှုန်းတော့ မီးလောင်သွားပြီ။ အခုက ခုနလေးကမှ မီးလောင်လို့ မီးခိုးငွေ့တွေ ကျနော်တို့ ကရင်ပြည်နယ်ကနေ လှမ်းကြည့်လိုက်ရင် တွေ့နေရတယ်။ ဒီနေ့လည်း ဓမ္မသရွာမှာ မီးထပ်လောင်နေတုန်းပဲ။ အခုပစ်နေတုန်းပဲ၊ အသံကြားလား၊ လေယာဉ်နဲ့ လှမ်းပစ်တာ။ ပြည်သူလူထုတွေ ထွက်ပြေးကုန်ပြီ။ သူတို့ သက်သက်ရွာတွေကို လှမ်းပစ်နေတယ်။ အခု လေယာဉ်နဲ့ ပစ်နေတုန်းပဲ။"

ဓမ္မသကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့် ဒေသခံနေအိမ်ရာနဲ့ချီ မီး လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ နောက်တနေ့ မတ်လ ၂၈ ရက်နေ့မှာလည်း စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ် တိုက်ခိုက်လာတာကြောင့် မီးထပ်မံလောင်ကျွမ်းပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတာပါ။

ဂျိုင်းမြစ်ဘေးက ဓမ္မသကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လတုန်းက နေအိမ်တွေ မီးလောင်ချိန်မှာ ဒေသခံတွေ ကုန်းလမ်းက ထွက်ခွာလို့မရဘဲ ဂျိုင်းမြစ်ကနေတဆင့် အများစုကို ကယ်ထုတ်ခဲ့ရပါတယ်။ ခုအခါ အဲဒီ ရွာခံ စစ်ဘေးရှောင်သူတွေက နေရာအနှံ့မှာ ရှိနေပြီး ကြုံသလို နေထိုင်နေပါတယ်။ တချို့ကတော့ တောင်ခြေမှာရှိတဲ့ ဂူတွေထဲမှာ နေထိုင်နေကြပြီး၊ အခုလို ရာသီဥတု ပူပြင်းချိန်မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ နေမကောင်း ဖြစ်နေကြတယ်လို့ သိရပါတယ်။

"စစ်ရှောင်တွေက အခု စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ နောက်ပြီးတော့ အခု ကူးစက်ရောဂါတွေ ဖြစ်နေကြတယ်။ ကိုယ်ပူတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတို့ ဖြစ်နေကြတယ်။ တောင်ခြေမှာရှိတဲ့ ဂူတွေမှာပဲ အောင်းပြီးတော့နေ နေကြရတယ်။"

မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် အခုချိန်မှာ စားနပ်ရိက္ခာက အဓိကလိုအပ်ချက် ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

"အဓိက ကျနော်တို့ဆီမှာက စားနပ်ရိက္ခာပဲ လိုလာတာ စစ်ဘေးရှောင်တွေအတွက်။ အဝတ်အထည်တွေ မလိုလားပါဘူး။ တချို့က အဝတ်အထည်တွေ လာလှူတယ်။ စစ်ဘေးရှောင်တွေက အဝတ်နဲ့ဘာနဲ့ ထမ်းဖို့ဆိုတာ မသိတော့ဘူးကို။ အဓိကနေ နေကြတဲ့သူတွေက စားနပ်ရိက္ခာပဲ လိုနေတာ။"

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကော့ဘိန်းရဲစခန်းကို ပြီးခဲ့တဲ့ မတ်လက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနော၊ အံဂစင်နဲ့ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း အသုံးပြုပြီး ပစ်ခတ်ခဲ့ပါတယ်။

ဓမ္မသကျေးရွာကိုလည်း ဒီကနေ့ နေ့လည်ပိုင်းမှာ လေကြောင်းကနေ ထပ်မံပစ်ခတ်ခဲ့ပြီး ရွာမီးလောင်နေတဲ့ အခြေအနေကို မလှမ်းမကမ်းကနေ မြင်တွေ့နေကြရပြီး၊ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ဓမ္မသကျေးရွာ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လကတည်းက တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG