သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ စစ်မှုထမ်းဖို့ ခေါ်ယူခံရ


ကျောက်တလုံးဒုက္ခသည်စခန်း
ကျောက်တလုံးဒုက္ခသည်စခန်း

ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းက ဒုက္ခသည်၁၀၀ ကျော် လောက်ကို စစ်ကောင်စီကစမ်းမှုထမ်းခိုင်းပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေဆီ စေလွတ် တာတွေရှိ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် ရခိုင်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ တခြားသော မြို့နယ်တချို့တွေမှာလည်း စစ်မှုထမ်းဖို့ခေါ်ယူနေတာတွေကြောင့် ဒေသခံလူငယ်တွေထွက်ပြေးတိမ်ရှောင်နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစည်သူတင်ပြပေးပါမယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်တောင်ပိုင်းကျောက်ဖြူမြို့နယ် ကျောက်တလုံးမွတ်ဆလင် ဒုက္ခသည်စခန်းက ဒုက္ခသည်အမျိုးသားတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့လကတည်းက အတင်းခေါ်ယူစစ်မှုထမ်းခိုင်းတယ်လို့ စခန်းကနေ ထွက်ပြေးလာတဲ့ မွတ်ဆလင်ဒုက္ခသည် တဦးကပြောပါတယ်။

“ ကျနော်တို့ ထွက်ပြေးလာပြီး နောက်တနေ့ကျတော့ သူတို့က ရဲတွေပါတယ် စစ်တပ်ကလူတွေပါတယ်၊ ပြီးတော့ဗျူဟာမှူးဝဏ္ဏအောင်ဆိုတဲ့သူပါတယ်၊ ကျနော်တို့ ကန့်ထဲကဥက္ကဌရယ် ပြီးတော့ ဦးဖြူချေဆိုတဲ့ တယောက်ပါတယ်၊ကျနော်တို့ကန့်မှာ အဲလောက် ဒုက္ခဖြစ်နေတာ၊ ပထမတော့ သူတို့က ၁၈ နှစ်ကနေ ၁၅ နှစ်အထိ ၃၅ နှစ်အထိ အဲလိုပြောတယ်သူတို့က နောက် အဲလိုမဟုတ်တော့ပဲ အသက် ၄၅ ရော ၅ဝရော၊ သန်သန်မာမာမြင်ရင် အကုန်တာ ဝန်ထမ်း ဆောင်နိုင်မယ့်သူတွေကို အကုန်ဆွဲခေါ်သွားတယ်။ ”

အဲဒီဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ဒုတိယအပတ်လောက်ကတည်းက စစ်ကောင်စီကစစ်မှုထမ်းဖို့ အတင်းခေါ်ယူနေတာဖြစ်ပြီး လက်ရှိမှာတော့ မွတ်ဆလင်ဒုက္ခသည် ရာနဲ့ချီ စစ်မှု ထမ်းနေရတယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့ ကန့်ထဲမှာ ၁၁၇ ယောက်ပါသွားတယ်၊ အခုကျနော်တို့ စုံစမ်းကြည့်တော့ ၁၀၀ လောက်ပဲ ကျန်တော့တယ်၊ ဘာလို့လဲဆိုတော့ ဦးဖြူချေဆိုတဲ့ သူမှာသူ့ရဲ့မိသားစုဝင်တွေကို အကုန်သူက ဟိုဟာဖြစ်ကြောင်း ဒီဟာဖြစ်ကြောင်း ဆိုပြီးတော့ ပတ်ပြီးတော့ ထုတ်လိုက်တယ်၊ ကျန်တဲ့သူတွေကတော့ အကုန်လုံးစစ်မှုထမ်းနေရတယ်။ ”

လက်ရှိစစ်မှုထမ်းနေတဲ့ မွတ်ဆလင်တွေကို ကျောက်ဖြူမြို့နယ်အတွင်းက ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ကင်းလှည့်ခိုင်းသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ပို့ဆောင်ထားကြောင်းလည်း မွတ်ဆလင်ဒုက္ခသည် တဦးကပြောပါတယ်။

ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှာ လူဦးရေတထောင်ကျော်လောက်နေထိုင်ကြတာဖြစ်ပြီး အများဆုံးကတော့ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး စစ်မှုထမ်းဥပဒေနဲ့ အကြုံးဝင်တဲ့အမျိုးသားတွေအားလုံးကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

“ရှေ့တန်းပို့တယ်ဆိုတာက ကျနော်တို့ဒီ တလမှာပထမ အယောက် ၅ဝက ၁၅ရက်၊ ကင်းလှည့် တာတို့ ကင်းပတ်တာတို့လုပ်ရတယ်။ပြီးတော့မှ နောက်ကျန်တဲ့ ၁၅ရက်ကို နောက်အယောက် ၅၀ အဲလို လှည့်လည်ပြီးတော့ အလှည့်ချထားတယ်လို့ ပြောသံကြား တယ်။ပြီးတော့ တိုက်ပွဲဖြစ်မယ့်နေရာတွေမှာလည်း သူတို့တွေကို ချထားတာပေါ့၊ သူတို့တွေရဲ့ အသက်လုံခြုံမှုကတော့ မရှိဘူးပေါ့ဗျာ။”

ကျောက်ဖြူမြို့နယ်မှာ လက်ရှိတိုက်ပွဲဖြစ်ပွားတာတွေမရှိပေမဲ့ ပြီးခဲ့တဲ့ မတ်လ အစောပိုင်းမှာတော့ ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာအနီးမှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ် တာတွေ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်တောင်ပိုင်းက စစ်ကောင်စီထန်းချုပ်ထားတဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်း နဲ့ မာန်အောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီက စာရင်းကောက်ယူတာတွေ အုပ်ချုပ်ရေးမှူး တွေကနေတဆင့် လူတောင်းတာတွေရှိနေတာပါ။ အခုလို စာရင်းတွေကောက်ယူနေတာကြောင့် လူငယ်တချို့ တိမ်းရှောင်နေကြတယ်လို့ သံတွဲဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ အခုဆိုရင် ညီမတို့လူငယ်တွေ တိမ်းရှောင်နေတာတွေရှိတယ်၊ တချို့ကျေးရွာ ရပ်ကွက် တွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီက လူတောင်းတယ်ပေါ့၊ ဥပမာ တရွာကို တယောက် ၂ယောက်နှုန်းနဲ့ တောင်းတယ် နာမည်စာရင်းတွေ တောင်းတယ်၊ သူတို့ဆီက မဲနိုပ်ပြီးတော့မှ နာမည်စာရင်းပါတဲ့သူတွေကို လာခေါ်မယ်ဆိုတဲ့ သတင်းတွေ ထုတ်နေတာရှိတဲ့အတွက် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေတာရှိတယ်၊ အခုက နေ့ရောညပါ ကို်ယ့်အိမ်မှာမနေရတဲ့ အနေအထားမှာရှိတယ်၊ အိမ်မှာနေလို့အဆင်မပြေဘူး။ တခြားနေရာမှာ တိမ်းရှောင် နေရ တယ်။”

လက်ရှိမှာတော့ သံတွဲမှာ အမျိုးသားတွေရဲ့ စာရင်းလောက်သာ ကောက်ယူနေပေမယ့် လူငယ်အမျိုးသမီးတွေကြားမှာလည်းစိုးရိမ်မှုတွေရှိနေတာပါ။သံတွဲဒေသခံလူငယ်အမျိုးသမီးတဦးကတော့ သူ့ရဲ့စိုးရိမ်မှုကို အခုလို ပြောပါတယ်။

“အမျိုးသမီးတွေကို ဥပဒေအရ မခေါ်သေးဘူးလို့ ပြောပေမဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိသေးဘူး ဘယ်လိုပြောရမလဲ သူတို့စာက ထုတ်ချင်တိုင်း ထုတ်လို့ရနေတဲ့ စာဆိုတော့ လေ၊ အမျိုးသမီးတွေ ပါပြီဆိုတဲ့ စာတွေ ထုတ်လာမလားပေါ့၊ ဒါမှမဟုတ် အမျိုးသမီးတွေကို ဘယ်လိုပုံစံမျိုးနဲ့ သူတို့ခေါ်မလဲ ဆိုတာကို စိုးရိမ်နေတယ်၊ အဲတာကြောင့် တချို့အမျိုး သမီးတွေဆိုရင်လည်း ကိုယ်နေတဲ့ နေရာကနေပြီးတော့ တခြားနေရာကို တိမ်းရှောင်သွားတာတို့ ဒါမှမဟုတ် လွတ်မြောက်နယ်မြေမှာ သွားရောက်ခိုလှုံနေတာတို့ရှိပါတယ်။”

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပေဒကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ဝရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းက စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ အမျိုးသား တွေကို သင်တန်း ပေးတာတွေရှိနေတာပါ။ ဒါ့အပြင် လက်ရှိ စစ်မှုထမ်းဖို့ခေါ် ယူထားတဲ့ထဲက တချို့လူငယ်တွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စေလွတ်တာရှိတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

စစ်မှုထမ်းခွင့်ဥပဒေရဲ့ နည်းဥပဒေနဲ့လုပ်ထုံးလုပ်နည်းမရှိသေးဘဲ တပ်ဖွဲ့ဝင်သစ် စုဆောင်းတာနဲ့ ပတ်သတ်ပြီး ဗွီအိုအေက မေးမြန်းရာမှာ စစ်ကောင်စီအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေဟာ မူကြမ်းရရှိထားတဲ့ ပြည်သူ့ စစ်မှုထမ်းနည်း ဥပဒေအရ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေသာဖြစ်ပြီး ဒီ လုပ်ငန်းစဉ်တွေဟာ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာမရှိကြောင်းနဲ့ ကျော်လွန်ပြီး လုပ်ဆောင်နေတာတွေရှိရင် သက်ဆိုင်ရာကို တရားဝင်ကန့်ကွက်တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့က ဖြေကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG