သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာပြည်တွင်းတိုက်ပွဲတွေအပေါ် တိုင်းရင်းသားတွေနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်းရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပေါ်နေပေမယ့် မကြာခင် ကျရောက်တော့မယ့် မိုးရာသီအတွင်း တိုက်ပွဲအရှိန်တွေ လျော့လာနိုင်ခြေရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ လက်လွတ်လိုက်ရတဲ့ စခန်းတွေကို ပြန်တိုက်ယူနိုင်မယ့် အလားအလာ နည်းတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ် ပြောဆိုပါတယ်။​ ဒါ့အပြင် တိုက်ပွဲတွေဆက်ပြင်းထန်နေတဲ့ ရခိုင်၊ ကချင်နဲ့ ကရင်နီဖက်မှာရော အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြားဝင်မှုအောက်မှာ ဘယ်လို ဆက်ဖြစ်လာနိုင်ခြေရှိပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။

ဟုတ်ကဲ့ အရင်စစ်ကောင်စီလက်အောက် ကရင်နယ်ခြားစောင့်တပ်တွေ ဘက်ပြန်ပြောင်း ညှိနှိုင်းမှုအောက်မှာ လက်ရှိထိန်းထားတဲ့ နယ်စပ်စီးပွားအချက်အချာကျ မြဝတီကို စစ်ကောင်စီဘက်က ဒုတိယအကြီးဆုံးကိုယ်တိုင် ဦးဆောင်တဲ့ နိုင်ငံတော်အဆင့်အောင်ဇေယျစစ်ဆင်ရေးနဲ့ အပြည့်အဝပြန်ထိန်းနိုင်ဖို့ ကြိုးပမ်းနေတာဟာ တလပြည့်ခါနီးပြီလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။ အခုလိုကရင်ဖက် မြဝတီအပြင် တခြားဒေသတွေမှာပါ ဖြစ်နေတဲ့ စစ်ရေးတခုလုံးအနေအထားကို KNU ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ဖဒိုစောတောနီးက

"အခုလက်ရှိ တနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ ပွဲတိုင်းမှာ စကစက ရှုံးနိမ့်နေတာကို တနေ့တခြားတွေ့နေရတယ်၊ ရှုံးပွဲတွေက ဆက်သွားပြီးတော့ နေရာတိုင်းမှာပဲ နလံမထူနိုင်တဲ့အနေအထားတခုကိုရောက်သွားတယ်လို့ပဲမြင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ဘက်မှာကတော့ ဒီမြဝတီတိုက်ပွဲကိုပဲ အာရုံစိုက်နေတယ် ဆိုပေမဲ့လို့ အမှန်မှာကတော့ ကျွန်တော်တို့ရဲ့ တပ်မဟာ ၇ ခုစလုံးမှာ အနှံ့အပြားကိုဖြစ်ပွားနေတာ၊ ဒီမနက်ပဲ တပ်မဟာ ၄ ဘက်မှာလည်း စခန်းတခုကို ကျွန်တော်တို့ဘက်ကသိမ်းလိုက်ပြီ။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ တပ်မဟာ ၆ ပွဲမှာ ပင်လယ်ကမ်းခြေကနေကြည့်လိုက်မယ်ဆိုရင် ၇ မိုင်အကွာအဝေးလောက်မှာရှိတဲ့ ပင်လယ်ထဲမှာရှိတဲ့ ကုလားကုတ်ရေတပ်စခန်းကို ဝင်တိုက်တာ၊ အဲဒီမှာ ဟောင်ဝပ်ဆာအမြှောက်ကြီးတလက်တောင် ကျွန်တော်တို့ဘက်ကလည်း ဖျက်စီးပစ်လိုက်နိုင်တယ်။

ဒါ့အပြင် မြန်မာစစ်တပ်မှာ အမှုထမ်းခဲ့ပြီး အခုဆက်အမိန့် မနာခံတော့ပဲ ထွက်လာတဲ့ စီဒီအမ်ဗိုလ်မှူး နောင်ရိုးကလည်း

"လက်ရှိမှာတော့ တိုက်ပွဲတွေက နိုင်ငံအနှံ့ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ဆက်ပြီးတော့ မြင့်တက်နေတာပေါ့နော်၊ ကရင်နီဘက်ကော၊ ကရင်ဘက်ကော၊ ရခိုင်ဘက်ကော၊ ကချင်ဘက်ကောပေါ့နော် နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ပိုပြီးတော့ ပြင်းထန်လာတယ်။ အလားတူတိုင်းရင်းသားအင်အားစုတွေဘက်က စစ်ရေးသိသိသာသာ အသာစီးရမှုလည်း ပိုပြီးတွေ့လာရတယ်၊ ဘာလို့လဲဆိုတော့ စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်စစ်စွမ်းအားလည်းကျလာသလို လူအင်အားစိတ်ဓာတ်အင်အားလည်း ဆုတ်ယုတ်ချိနဲ့လာတဲ့အခါမှာ အလွယ်တကူ လက်နက်ချအညံ့ခံတာ၊ အရှုံးပေးရတာကို ကျွန်တော်တို့ ပိုပြီးတော့ တွေ့လာရတယ်။ "

ဒီနိုင်ငံနေရာအများမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ချေနဲ့ မိုးတွင်းအကန့်အသတ်ရှိနိုင်ပုံကိုလည်း စစ်ရေးသုံးသပ်သူ ကိုအမရာသီဟက

"တိုက်ပွဲတွေကတော့ ဆက်ပြီးဖြစ်နေဖို့ အခြေအနေရှိပါတယ်။ ရှမ်းမြောက်မှာအပစ်ရပ်ထားပေမဲ့လို့ PDF နဲ့စ်တပ်ကြားမှာ တိုက်ပွဲတွေဆက်ဖြစ်ရင် လက်ရှိအပစ်ရပ်ထားတဲ့အခြေအနေအပေါ်ကိုလည်း သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အဖွဲ့အချို့ဟာ လက်ရှိအခြေအနေမှာ နယ်မြေထိန်းသိမ်းတဲ့လုပ်ငန်းတွေကို လုပ်လာတာ တိုက်ပွဲအရှိန်က အနည်းငယ်လေးလျော့သွားလေ့ရှိပါတယ်။ ဒါမျိုးအခြေအနေကတော့ မိုးတွင်းမှာဆိုရင် တိုက်ပွဲအရှိန်နည်းနည်းလျော့သွားပါတယ်။ ဒါပေမဲ့လို့ ဒီနှစ်တွေထဲမှာ လူသစ်စုဆောင်းတာတွေ ဒရုန်းကိုပိုပြီးအသုံးပြုလာတာတွေဟာ တိုက်ပွဲအရှိန်ဟာ ယခင်နှစ်တွေထက်ပိုပြီးများမယ်"

ရှေ့ဆက်ဖြစ်လာနိုင်ချေအပေါ် KNU ပြောခွင့်ရ ဖဒိုစောတောနီးကလည်း

"အခုဒီနှစ် တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေပြန်ကြည့်လိုက်မယ်ဆိုရင် ကရင်နီဘက်မှာ၊ ကချင်ဘက်၊ ရခိုင်ဘက်မှာကော စကစက ခွက်ခွက်လန်အောင်ရှုံးနေတာကို ကျွန်တော်တို့သွားတွေ့နေတဲ့အခါကျတော့ ဒီအတိုင်းသာသွားမယ်ဆိုရင် နောက်ထပ် ၆ လအတွက်ဆိုရင်တော့ အဖြေက တော်တော်လေးရှင်းလင်းလာမယ်။ အထူးသဖြင့်အခုလက်ရှိ မြဝတီကို စကစကနေပြီးတော့ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ကို မီးကုန်ယမ်းကုန် ရှိသမျှပုံအောပြီးတော့အခုမိုးတွင်းကလည်းလာပြီ သူ့တပ်တွေကလည်း ဘယ်နားမှမရောက်သေးဘူး၊ ဒေါနတောင်မှာပဲ တဝဲဝဲတလည်လည်နဲ့ တက်လာသမျှစစ်ကြောင်းတိုင်းစစ်ကြောင်းတိုင်းကလည်း အကုန်လုံးလန်ကျပြီးတော့ ဘယ်မှတိုးလို့မရဘူးဆိုတာက အခုတော့ရှင်းသွားပြီလေ ဒီလာမဲ့ နှစ်ပတ်သုံးပတ်အတွင်း မိုးကလည်း ဆက်လာတဲ့အခါကျတော့ ဒီလေကြောင်းနဲ့ပဲ အားကိုတကြီးလုပ်နေတဲ့အတွက် အခက်အခဲအများကြီးကြုံလာမှာသေချာတယ်။ တချို့နေရာမှာ လေကြောင်းကိုပဲ အားကိုပြီးတော့ ရိက္ခာတွေပို့နေရတယ်၊ ရေတွေပို့နေရတဲ့ အနေအထားမှာ ဒါမျိုးကပိုပြီးတော့ ဆိုးရွားလာနိုင်တဲ့အနေအထားရှိပါတယ်။ အထူးသဖြင့် မြဝတီပွဲကတော့ လာမဲ့သတင်းပတ်အနည်းငယ်အတွင်းမှာပဲ အဖြူအမဲ သဲသဲကွဲကွဲမြင်ရတော့မှာ ဖြစ်ပါတယ်နော်"

ဒါ့အပြင် လက်ရှိတိုက်ပွဲထူးခြားမှုကိုလည်း စီဒီအမ်ဗိုလ်မှူးနောင်ရိုးက

"ရခိုင်ဘက်ဆိုလည်း ဒါ AA ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ထိုးစစ်အရှိန်အဟုန်ကလည်း ဆက်လက်ပြီးအားကောင်းနေတယ် ၊ ကချင်ဘက်ကော အလားတူ၊ ကရင်နီကော မြို့သိမ်းထိုးစစ်တွေက ပိုပြီးတော့ အားကောင်းလာတော့ အခုလက်တလောအတွင်းဖားဆောင်းမှာ တော်လှန်ရေးအင်အားစုတွေအရှိန်အဟုန်နဲ့ တိုက်စစ်ထိုးစစ်ဆင်နိုင်စွမ်းက တော်တော်လေးကို ကျယ်ပြန့်အားကောင်းလာတာကို ကျွန်တော်တို့ တွေ့ရတယ်၊ အလားတူ KNU ဘက်မှာဆိုလည်း တိုက်ပွဲတွေက နေရာအနှံ့မှာဖြစ်နေသလို နယ်မြေသိမ်းအနေအထားမျိုးမဟုတ်ပေမဲ့လို့ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်းတွေ စစ်ရေးအကူလမ်းကြောင်းတွေကို ကောင်းကောင်းဖြတ်တောက်ထားနိုင်တယ်။ သူတို့စစ်ရေးအခြေအနေတခုကို ထိန်းသိမ်းထားနိုင်တယ်။"

အခုလိုအချိန်မှာ နယ်စပ်ချင်းကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စိုးရိမ်မှုနဲ့ ကြားဝင်မှုကြောင့် အကန့်အသတ်ဖြစ်လာနိုင်ချေကိုလည်း ကိုအမရာသီဟက

"ထိုင်းနဲ့တရုတ် ကြားကဝင်ရောက်ပြီးတော့ ကြားဝင်မှုအားဖြင့် အတိုင်းအတာတခုထိတော့ ကျွန်တော့်အနေနဲ့သက်ရောက်မှုရှိတယ်လို့တော့ မြင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ နယ်စပ်ကုန်သွယ်ရေးဟာ နိုင်ငံနှစ်နိုင်ငံအကြားလုပ်ရတာဖြစ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ပိုမိုပြန်လည်ဖိအားပေးခြင်းဟာ အတိုင်းအတာတခုအထိ အပစ်ရပ်ဖို့ကို တွန်းအားပေးသလိုဖြစ်နိုင်ပါတယ်"

ဒီစစ်ရေးအခြေအနေအပေါ် စစ်ကောင်စီပြောခွင့်ရကို ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG