သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ သင်္ကြန်ပွဲလုပ်ဖို့စစ်ကောင်စီပြင်ဆင်နေပေမယ့် လူတွေအပြင်မထွက်ကြဖို့ AA သတိပေးထား


စစ်တွေမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် (၂၀၂၃)
စစ်တွေမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် (၂၀၂၃)

ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ တခြားမြို့နယ်တချို့မှာ သင်္ကြန်ပွဲတော်တွေလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာပါ။ သင်္ကြန်ကာလမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိင်တာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ လူစုလူဝေးမလုပ်ဖို့နဲ့ တရွာနဲ့တရွာ သွားလာ ပျော်ပါးတာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာတွေ မလုပ်ကြဖို့ အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။ သင်္ကြန်ကာလကျရောက်တဲ့ လက်ရှိအချိန်အထိ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့ နယ်တွေမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီက အတာသင်္ကြန်ပွဲတော်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။ အထူးသဖြင့်တော့ မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ ဗဟိုမဏ္ဍပ် ဆောက်လုပ်ထားတာပါ။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီက လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လူစုလူဝေးမလုပ်ကြဖို့၊ ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ကြဖို့ အာရက္ခတပ်တော် AA က မနေ့က တိုက်တွန်းထားပါတယ်။

တနှစ်တခါကျရောက်လေ့ရှိတဲ့ အတာသင်္ကြန်ကာလမှာ မြန်မာ့ထုံးတမ်းစဉ်လာအရ ပျော်ပွဲရွင်ပွဲတွေ၊ ရေပက်ကစားတာတွေနဲ့ ဥပုသ်သီလဆောက်တည်တွေ လုပ်လေ့ရှိကြပေမဲ့ ဒီနှစ်မှာတော့ လုံခြုံရေးအခြေအနေအရ ဘာမှလုပ်ဖို့ စီစဉ်ထားတာမရှိဘူးလို့ ကျောက်ဖြူဒေသခံ လူငယ်တဦးက ပြောပါတယ်။

“ကျောက်ဖြူမြို့ပေါ်မှာတော့ ဗဟိုမဏ္ဍပ် ချထားတယ်လို့ပြောသံကြားတယ်။ ကျနော်တို့ နယ်ဘက်တွေမှာတော့ ကျောက်ဖြူမြို့နယ်က ကျေးရွာအကုန်လုံးနီးပါး ရွာတွေမှာဆိုရင် သင်္ကြန်အတွက် ဘာအစီအစဉ်မှ မရှိကြဘူး၊ ဒီအတိုင်း သာမန်နေ့တနေ့လိုပါပဲ။ ဒါပေမယ့် လူကြီးတွေကတော့ ဓလေ့ ထုံးတမ်းအစဉ်အလာအရ ဥပုသ်သီလစောင့်တာတွေဘာတွေ အနည်းအကျင်း လုပ်ကြမယ်ထင်တယ်။ ကျနော်တို့တော့ ဘာမှလုပ်ဖို့ အစီအစဉ်မရှိပါဘူး။”

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသတွေမှာ မကြာခဏဆိုသလို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေ၊ ရေတပ် သင်္ဘောတွေကနေ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“လေယာဉ်တွေ တရက်မှာ ၂စီး ၃စီး လောက်တော့ ဝဲတာတွေ ပျံတာတွေရှိတယ်။ နေဗီကလည်း လှမ်းပစ်တာတွေ တောက်လျှောက်ရှိတယ်ဗျာ၊ ဒီတလောမှာလေ။ ရွာတွေကို ကျတာတွေ၊ တာဝါတိုင်တွေကို ကျတာတွေ အဲလိုတော့ရှိတယ်ဗျာ။”

ဒါ့အပြင်လာမယ့် ကာလတွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်သလို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူမြို့မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ AA ထိန်းချုပ်ဒေသတွေကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

ကျောက်ဖြူမြို့နယ်မှာဆိုရင်တော့ ဒေသခံ ၅ဝရာခိုင်နှုန်းလောက်သာ မြို့တွင်းမှာ ကျန်ရှိတော့တယ်လို့ ကျောက်ဖြူဒေသခံတဦးကပြောပါတယ်။

“တပ်တော်မွေးနေ့မှာ ဆိုလို့ရှိရင် ဗိုလ်ချုပ်က စစ်တွေနဲ့ ကျောက်ဖြူကလူတွေကို အချိန်မီ ထွက်ခွာကြဖို့ သတိပေးထားတာရှိတော့ ဝရုန်းသုန်းကား ထွက်ပြေးနေကြတာတွေလည်း ရှိတယ်။ ဆိုတော့ စစ်ကောင်စီရဲ့ သင်္ကြန်ကတော့ဘယ်လို လာမလဲ၊ သူတို့ရဲ့ ဝန်ထမ်းအသိုင်း အဝိုင်းတွေနဲ့ပဲ ဖွင့်ဖြစ်မလား၊ ဒေသခံတွေ ပါဝင်မလားဆိုတာကတော့ ပြောလို့တော့ မရသေး ဘူးပေါ့နော်။ သေချာတာကတော့ ကျောက်ဖြူမှာ ဒေသခံ ၅ဝရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားလူတွေလို့ ပြောရမယ်။”

ဒါ့အပြင် စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံအများစုဟာလည်း ရတဲ့နည်းလမ်းတဲ့ AA ထိန်းချုပ်ဒေသတွေကို ထွက်ပြေးနေကြသလို မြို့တွင်း နေထိုင်သူတွေလည်းရှိနေတယ်လို့ စစ်တွေမြို့ပေါ် ဒေသခံတဦးက ပြောပါတယ်။

“အိမ်မှာနေဖြစ်မယ်လို့ ထင်တယ်။ မြို့ထဲမှာလည်း လူတွေက ရှိတဲ့သူတွေလည်း ရှိသေးတယ်၊ မရှိတဲ့သူတွေလည်းမရှိတော့ဘူး။ ကျမလည်း အိမ်ထဲမှာနေတာများတယ်။ အင်တာနက်လိုင်းတွေလည်းမရ၊ ဖုန်းလိုင်းလည်း မကောင်းဘူးဆိုတော့ သတင်းတွေဘာတွေလည်း သိပ်မသိရဘူး။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၈ မြို့နယ်ကို AA က သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်အားလုံးကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ကျန်တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာတော့ ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် အပြန်အလှန် ပိတ်ဆို့ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG