သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်ကာလ ထင်ဟပ်မယ့် သင်္ကြန်သံချပ်တွေ မြန်မာ့အရေး လှုပ်ရှားသူတွေပြင်ဆင်


ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ (ယခင်မှတ်တမ်းပုံ)
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ (ယခင်မှတ်တမ်းပုံ)

အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ စစ်ပွဲတွေ အခြေအနေနဲ့ နိုင်ငံရေးသမားတွေရဲ့ ထောင် တွင်းဖြတ် သန်းရတဲ့အခြေအနေ တွေကိုထင်ဟပ်စေမယ့် သံချပ်တွေကိုဒီနှစ်သင်္ကြန်သံချပ်မှာ အဓိက ဦးတည်သရော်ထားတယ်လို့ လူငယ်သံချပ်အဖွဲ့ တွေ က ပြောပါတယ်။ အခက်အခဲတွေကြားကပဲ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ် တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက သံချပ်ထိုး သရော်ထားတာတွေကို အွန်လိုင်းပေါ်ကနေ အများကိုဖြန့်ဝေသွားမယ့်အကြောင်း သတင်းပေးပို့ချက်ကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

နိုင်ငံထဲမှာ ဝေဖန်ထောက်ပြစရာဖြစ်နေတာတွေ၊ အဆီအလျော်မတည့်ဖြစ်နေတာကို သရော်တင်ပြတဲ့ သံချပ်ဗီဒီယိုတွေကို စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ကျောင်းသား လူငယ်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေက ဒီနှစ်မှာလည်း ဖန်တီးတင်ပြဖို့ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။

မော်စကိုပြန်သံချပ်ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဒီမိုကရေစီ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ အကျဉ်းထောင်ထဲက နိုင်ကျဉ်းရဲဘော်တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဒီနှစ် မှာ သံချပ်ထိုးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ဦးသိုက်ထွန်းဦးက ဗွီအိုအေကိုခုလို ပြောပြပါတယ်။

"သံချပ်ကိုကြားမှာထားပြီး ကိုယ့်ရှေ့မှာအမြင်မတော်တာတွေ လုပ်ကိုင်နေတာတွေကိုထောက်ပြကြတယ်ပေါ့နော်။ ဒီနှစ်ကတော့ကျနော်တို့ ကတော့ အကျဉ်းထောင်ထဲကထွက်လာချိန်မှာ အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ တရားသူကြီးတွေရဲ့လာဘ်စားမှုတွေ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့လာဘ်စားမှုတွေ အကျဉ်းထောင်တွင်းနေထိုင်နေရတဲ့အခြေအနေ နောက်ထောင်ဆေးရုံရဲ့ ဆေးဝါးမလုံလောက်မှု တွေကို အဓိကကတော့ကျနော်တို့က အနုပညာပေါ့သံချပ်ကိုရှေ့မှာထားပြီးတော့ ပြည်သူတွေကိုအကျဉ်းထောင်တွေထဲဘာတွေဖြစ်နေလဲ ဆိုတာသိစေချင်တဲ့ဆန္ဒနဲ့ အကျဉ်းထောင်ထဲကပေးပို့လာတဲ့သံချပ်စာသားတွေကို ခေတ်နဲ့ညီအောင် ဒီနေ့အခြေအနေနဲ့လိုက်အောင်အနည်း ငယ်ပြင်ဆင်ပြီးတော့ အကျဉ်းထောင်ထဲကအသံကိုကြားထဲကနေထုတ်လွှင့်ပေးတာဖြစ်ပါတယ်။"

သင်္ကြန်တွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကဦးစီးဖွဲ့စည်းထားတဲ့ ဒီသံချပ်အဖွဲ့ရဲ့ သံချပ်တွေကိုတော့ အဖွဲ့ လူမှုကွန်ယက်ကနေ တဆင့်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တကသ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကလည်းဒီနှစ်မှာထူး ထူးခြားခြား သံချပ်ထိုးဖို့ပြင်ဆင်နေတယ်လို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ဒေါင်းတို့မျိုးဆက် တော်လှန်သံချပ် (မုံရွာ) အဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ မချောစုစံက ဗွီအိုအေကို ပြောပါတယ်။

"ခုကသံချပ်ရိုက်ကူးရေးတွေလုပ်နေကြတယ်။ ခုလက်ရှိကတော့ စစ်ကောင်စီဘက်ကဖရိုဖရဲဖြစ်နေတဲ့အခြေအနေတွေရယ်နောက်ပြီးတော် လှန်ရေးအတွင်းမှာ ဖြစ်ပျက်နေတဲ့လွဲချော်မှုလေးတွေ ဒါလေးတွေကိုဟာသလေးနှောပြီး အပြောင်အပျက်အနေနဲ့ဝေဖန်ထားတာရှိတယ်နောက် ပြီးပြည်သူတွေကိုခွန်အားပေးတဲ့ အကြောင်းအရာလေးတွေ နောက်ပြီး အညာဒေသမှာစစ်ကောင်စီဖိနှိပ်မှုဒဏ်ခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကိုလည်းတင်ဆက်သွားမှာဖြစ်ပါတယ်။"

ဒေါင်းမျိုးဆက် တော်လှန်သံချပ်အဖွဲ့ကို မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့ဟာ စစ်အာဏာမသိမ်း ခင်က နှစ်စဉ်သင်္ကြန်ကာလတိုင်း အလှပြယာဉ်တွေနဲ့ မြို့နယ်အလိုက် သံချပ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး နောက် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာတော့ တော်လှန်သင်္ကြန်အဖြစ် အသွင်ပြောင်းပြီး သံချပ်ထိုးခဲ့ကြတာပါ။ ဒီနှစ်မှာလည်း သူတို့ရဲ့ သံချပ်ဗွီဒီယိုတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဒသင်္ကြန်အကျနေ့မှာ ဖြန့်ဝေမှာပါ။ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂသံချပ်အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကိုတော့ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသလို ခုချိန်ထိလည်းမိသားစုနဲ့တွေ့ခွင့်မပေးပါဘူး။

ဒီနှစ် သံချပ်တွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တွေက ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီး၊ ညှဉ်းပန်းနှိပ်စက်၊ မီးရှို့သတ်ဖြတ်တာတွေကို အဓိက ဖော်ပြခဲ့ကြသလိုပဲ၊ အတိုက်အခံ NUG အဖွဲ့အနေနဲ့လည်း ပြည်သူတွေအတွက် ထိထိရောက်ရောက် အလုပ်လုပ်ဖို့ တောင်းဆိုတဲ့ သံချပ်တွေမှာထည့်သွင်းသရော်သွားမယ်လို့ သံချပ်အဖွဲ့တွေကပြောပါတယ်။

ခေတ်အခြေအနေကို ထင်ဟပ်နေတဲ့ သင်္ကြန်သံချပ်တွေဟာ အရင် စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ပြီး အရပ်သားအစိုးရလက်ထက်မှာ ပြန်လည် ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အရပ်သားအစိုးရလက်ထက်မှာပဲ စစ်တပ်ကို သရော်တဲ့ သံချပ်ထိုးတဲ့အဖွဲ့တွေကို စစ်တပ်ဘက်က အမှုတွေစွဲကာထောင်ချခဲ့တာတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG