သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်-မြ၀တီ-သင်္ကန်းညီနောင်တို့မှာ တိုက်ပွဲပြင်းထန်နေ


ကရင်ပြည်နယ် ကော့ကရိတ်လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ အပျက်အစီးများ (ပုံ- KNU)
ကရင်ပြည်နယ် ကော့ကရိတ်လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ အပျက်အစီးများ (ပုံ- KNU)

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ-သင်္ကန်းညီနောင် စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသာလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်က စခန်းကုန်းတွေ မကျသွားဖို့ အပြင်းအထန် တိုက်ခိုက်နေသလို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီရဲ့ ဗျူဟာကျတဲ့ စခန်းတွေကို သိမ်းပိုက်ဖို့အတွက် ဝိုင်းဝန်း ပိတ်ဆို့ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်-မြ၀တီ-သင်္ကန်းညီနောင်စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပြည်သူကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီရဲ့စခန်းတွေဖြစ်တဲ့ ခလရ ၉၇ စခန်း၊ ခမရ ၃၅၇ စခန်းတွေကို ပူးပေါင်းတပ်တွေဘက်က ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက ပြောပါတယ်။

“ထွက်ပေါက်မရှိတော့ဘူး အားလုံး ပိတ်ဆို့ထားလိုက်ပါပြီ၊ တိုက်ပွဲကတော့ ကျနော်တို့က ဝိုင်းပိတ်ဆို့ထားတော့ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လေယာဉ်တွေနဲဗုံးနဲ့ကြဲတယ်၊ မီးလောင်ဗုံးတွေနဲကြဲနေတာပါ။ မြို့ထဲ၊ ရွာထဲမှာပေါ့။ သူတို့ကို အလံဖြူထောင်ပြီး ထွက်ဖို့ပေးထားတယ်။​ သူတို့ကို အရင်ကတည်း ထွက်ပေါက်ပေးထားတယ်။​ ဘားအံလှိုင်းဘွဲ့ဘက်ကို ထွက်နိုင်ဖို့ပေးထားပါတယ်။ မထွက်ပဲ ခံတိုက်တာပေါ့။ အဲဒီဘက်ကိုပါ ကျနော်တို့က လှမ်းပိတ်လိုက်တော့ သူတို့(စကစ)က ထွက်ပေါက် မရှိတော့ဘူးပေါ့။”

ကရင်ပြည်နယ် ကော့ကရိတ်လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ အပျက်အစီးများ (ပုံ- KNU)
ကရင်ပြည်နယ် ကော့ကရိတ်လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့ အပျက်အစီးများ (ပုံ- KNU)

ကော့ကရိတ်၊ မြဝတီနဲ့ သင်္ဃန်းညီနောင်တို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က စခန်းအတော်များများကို လက်လွှတ် ဆုံးရှုံးခဲ့ရတာတွေလည်း ရှိနေတာပါ။ သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်တွေထဲက အခြေချဗျူဟာနဲ့ ခမရ ၃၅၇ ဟာ စစ်ကောင်စီရဲ့ နောက်ဆုံး ကျန်နေတဲ့ စခန်းတွေဖြစ်ပြီး ဧပြီလ ၅ရက်၊​ ဒီကနေ့ နေ့လည်ပိုင်းက ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

အခုဆိုရင် ကရင်ပြည်နယ်စပ်တလျောက်မှာ တိုက်ပဲွတွေဖြစ်နေပြီး တနင်္သာရီတိုင်း၊ ထားဝယ်၊ လောင်လုံဘက် KNU တပ်မဟာ (၄)ထိန်းချုပ်နယ်မြေအထိ တိုက်ပွဲတွေ ကူးစက်နေတယ်လို့လည်း ပြောပါတယ်။

“ကော့ကရိတ်မြို့နယ်ရယ် ဘုရားသုံးဆူအစပ်ရယ်၊ အဲဒီဘက်ကနေကျော်ရင် တပ်မဟာ (၄)လောင်းလုံ ထားဝယ်ဘက်ကိုရောက်သွားရော အဲဒီဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။”

ဒီကနေ့ဧပြီလ ၅ရက်နေ့မှာတော့ မြ၀တီမြို့ဘက်ထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၁ရက်က စခဲ့တဲ့ ကော့ကရိတ်မြို့ တိုက်ပွဲကတော့ ၄လကျော်ကြာတဲ့အထိ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီအတွက် ကော့ကရိတ်မြို့ တမြို့လုံးနီးပါးလည်း အရပ်သားပြည်သူတွေ နေထိုင်မရဲတော့ပဲ ရှောင်ပြေးနေကြရပါတယ်။ စစ်ဘေးရှောင်သူ သောင်းဂဏန်းနဲ့ရှိနေပြီး မြို့ထဲမှာ ဘယ်သူမှ မနေရဲသလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် တမြို့လုံး မီးလောင် ပျက်စီးခဲ့တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကော့ကရိတ်မြို့ တိုက်ပွဲကတော့ မြို့ရဲ့နေရာ အတော်များများကို ပူးပေါင်းတပ်ဖွဲ့ တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့လည်ခေါင်မှာ တပ်စွဲထားတဲ့ ခလရ (၉၇)တပ်ရင်း ဌာနချုပ်သာ ကျန်နေပြီး အဲဒီနေရာကို ပူးပေါင်းတပ်တွေက အနီးကပ် ဝိုင်းဝန်း ပိတ်ဆိုထားတာ တပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG