သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေ့ကော် စစ်ကောင်စီကာကင်းစခန်း KNLA/PDF ပူးပေါင်းတပ်တွေသိမ်းပိုက်


Photo: Federal Wings
Photo: Federal Wings

ကရင်ပြည်နယ် မြ၀တီခရိုင် ကေအန်ယူ တပ်မဟာ(၆)ထိမ်းချုပ်နယ်မြေထဲမှာရှိတဲ့ လေးကေ့ကော်ဒေသက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ရေကန်ကုန်းကို KNLA/PDF ပူးပေါင်းတပ်တွေက တပတ်ကျော်ကြာထိုးစစ်ဆင်ပြီးတဲ့နောက် မတ်လ ၃၁ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီခရိုင် လေးကေ့ကော် ဒေသကရေကန်ကုန်းစခန်းကုန်းကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားရာကနေ ၂နှစ်ကျော်အကြာမှာတော့ KNLA/PDF ပူးပေါင်းတပ်တွေကပြန်လည်သိမ်းယူခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။

"ရေကန်ကုန်းပေါ့ ကျနော်တို့က ၀ိုင်းဝန်းပိတ်ဆို့ထားတာကတော့ကြာပြီ အဲဒါကိုအပြီးသတ်သိမ်းတယ်လို့ပဲ ပြောရမှာပဲ ၁၁ယောက်ကိုအလောင်းတွေ့တယ် ကျန်တဲ့ဟာကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ် မသိမ်းခင် ၃ရက်လောက်တုန်းကတော့ လက်နက်နဲ့အတူ ကျနော်တို့ဆီအလင်းဝင်လာတာရှိတယ် ၊ သူတို့ပြောကြားချက်အရ အင်အား၄၀လောက်ရှိတယ် အဲဒီ စခန်းကုန်းက လေးကေ့ကော်မြို့ကိုကာကွယ်ထားတာပေါ့ အဲဒီတော့ လေးကေ့ကော်မြို့ကို ကျနော်တို့ဘက်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့ပြောလို့ရပါတယ်။"

ပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ရေကန်ကုန်းစခန်းကို စနိုက်ပါ၊ ပွိုင့်ဖိုက်၊ ဒရုန်းတွေနဲ့ မရပ်မနား တပတ်ကျော်ကြာထိုးစစ်ဆင်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ စခန်းကုန်းသိမ်းပိုက်နိုင်တာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)ထိန်းချုပ် နယ်မြေဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေ အခြေချခွင့်မရတော့ပဲ KNU နဲ့ပူးပေါင်းတပ်တွေက ဖာပွန်မြို့ကိုပါထိန်းချုပ်ထားနိုင်တယ်လို့လည်းပြောပါတယ်။

"မြို့ထဲမှာတော့ ကျနော်တို့အင်အားစုတွေပဲရှိတယ်။ ကျနော်တို့ထိန်းချုပ်မူ့ကတော့ ဖာပွန်မှာ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ဌာနဆိုင်ရာတွေမရှိတော့ဘူး၊ အခုလောလောဆည် တော်လှန်ရေးအင်အားစုတွေကထိမ်းချုပ်ထားတယ်။"

အခု သိမ်းပိုက်ခဲ့တဲ့လေးကေ့ကော်စစ်တပ်စခန်းဖြစ်တဲ့ ရေကန်ကုန်းစခန်းကိုရလိုက်တဲ့အတွက် ပူးပေါင်းတပ်များက လေးကေ့ကော်မြို့ထဲအထိ နယ်မြေ ပြန်လည် စိုးမိုးထားတယ်လို့သိရပါတယ်။

အခုဆိုရင် ကရင်ပြည်နယ်တပ်မဟာ(၆)ထိန်းချုပ်နယ်မြေထဲမှာ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်ကစစ်ကောင်စီရဲ့တပ်စခန်းအတော်များများကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ မတ်လထဲမှာပဲ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းကိုလဲပူးပေါင်းတပ်တွေဘက်ကကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗျူဟာမှူးနဲ့အရာရှိကြီး (၁၂) ဦး အပါအဝင် ၆၆ ဦး လက်နက်ချ ခဲ့တာတွေရှိသလို ခမရ ၃၅၅ စတဲ့တပ်စခန်းတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ဒီအတွက်ကြောင့် မြန်မာစစ်သား ၁၂၀ လောက် ထိုင်းဘက်ကိုထွက်ပြေးခဲ့ပါတယ်။

Forum

XS
SM
MD
LG