သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခ  အိမ်နီးချင်းတွေ စေ့စပ်ပေးနိုင်မလား


မြန်မာပဋိပက္ခ အိမ်နီးချင်းတွေ စေ့စပ်ပေးနိုင်မလား | အယ်ဒီတာနဲ့ဆွေးနွေးခန်း
မြန်မာပဋိပက္ခ အိမ်နီးချင်းတွေ စေ့စပ်ပေးနိုင်မလား | အယ်ဒီတာနဲ့ဆွေးနွေးခန်း

တရုတ်နဲ့ ထိုင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် လောလောဆယ် သေနတ်သံတိတ်နေတဲ့ ရှမ်းမြောက်နဲ့ မြဝတီဘက် အခြေအနေတွေ ဘယ်လောက်ထိ ပိုပြီးအေးချမ်းလာနိုင်ပါသလဲ။ အနောက်ဘက်မှာ အောင်ပွဲတွေ ဆက်တိုက်ရနေတဲ့ AA အာရက္ခတပ်တော်ကိုကော စစ်ကောင်စီနဲ့ စေ့စပ်ရေးအတွက် တရုတ်နဲ့ အိန္ဒိယတို့က တိုက်တွန်းဆွဲဆောင်နိုင်ပါမလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။

မေး ။ ။ ရှမ်းမြောက်နဲ့ မြဝတီမှာ တရုတ်နဲ့ ထိုင်းကဝင်ပြီးတော့ စေ့စပ်တဲ့အတွက် ပြဿနာတွေက ပြေလည်သွားပြီးလို့ ပြောလို့ရပါ့မလား။ အခုလက်ရှိအခြေအနေကို အနီးစပ်ဆုံး ဘယ်လိုပြောလို့ရမလဲ။

ဖြေ ။ ။ ပထမဦးဆုံးက ပြေလည်သွားပြီလို့ ပြောလို့မရပါဘူး။ ပြေလည်သွားပြီဆိုတဲ့စကားက သိပ်ကိုနှစ်သက်ဖွယ်ဖြစ်တဲ့ အဆင့်ကို ရောက်သွားပြီဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ မပြေလည်သေးပါဘူး။ သို့ပေမဲ့ တိုက်ပွဲက အရှိန်နည်းနည်းလျော့သွားတဲ့ အဆင့်ကို ရောက်သွားတယ်။ နှစ်ဘက်လုံးကတော့ ကိုင်ထားဆဲ ချိန်ထားဆဲသာ ဖြစ်တယ်။ မောင်းမဖြုတ်ကျဘူးပေါ့လေ။ ဒီအချိန်မှာ။ အဲ့လိုသာပြောရမှာ ဖြစ်ပါတယ်။ နှစ်ဘက်လုံးက သူတို့အခြေအနေကို စောင့်ကြည့်နေကြတဲ့ သဘောပါ။ ရှမ်းမြောက်ကို ကြည့်မယ်ဆိုရင်တော့ ညီနောင်မဟာမိတ်အဖွဲ့တွေဟာ သူတို့လိုချင်တဲ့ နယ်မြေကို အတိုင်းအတာထိ ရခဲ့ပြီးပြီ။ အပေါ်စီးနဲ့ရခဲ့တဲ့အတွက်ကြောင့် တရုတ်က ဟန့်တားတဲ့အတွက်ကြောင့် သူတို့က ဒီမှာ ရပ်ထားတဲ့သဘော ရှိပါတယ်။ သို့ပေမဲ့လဲ အဲ့ဒီထက် ပိုပြီးထူးခြားတာတခုက SSPP အချိန်တုန်းက လုံးဝစေ့စပ်ရေးလမ်းကြောင်းကို သွားနေခဲ့တယ်ပြောတယ်။ သို့ပေမဲ့ SSPP ကလည်းပဲ အခုအခါမှာ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူးဆိုပြီးတော့ သူကလည်းဘဲ တိုက်ပွဲခေါ်တဲ့ သဘောမျိုး ပြောလာတယ်ဆိုတော့ အခုထိကတော့ ဘာမှမရှိဘူး။ သို့ပေမဲ့ တချို့ကျွမ်းကျင်တဲ့သူတွေရဲ့ သုံးသပ်ချက်အရ နယ်မြေအခြေအနေကအစ ပြောပြတာပေါ့လေ။ အဲ့ဒီဘက်မှာ အရေးကြီးတဲ့ နယ်မြေတချို့ကို အပေါ်စီးယူထားတာ ရှိတယ်။ ဝင်တော့မတိုက်ဘူး။ သို့ပေမဲ့ ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီကြားမှာ ပြန်ပြီးတိုက်ပွဲဖြစ်လာရင်တော့ SSPP ဟာလည်းပဲ ညီနောင်မဟာမိတ်တွေနဲ့ တွဲပြီးတော့ တိုက်နိုင်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ အခြေအနေဟာ နည်းနည်းပြေလျော့တဲ့ သဘောရှိတယ်။ တင်းမာမှုက လုံးဝမပြီးပြတ်သေးဘူး။ ပြေလည်သွားပြီလို့ ပြောလို့မရပါဘူး။

ထိုနည်းလည်းကောင်း ထိုင်းမြန်မာနယ်စပ်ကိစ္စနဲ့ ပတ်သက်လို့လည်းပဲ KNU ကလည်း မြဝတီဘက်က အလျှော့ပေးရတာကို သိပ်ကျေနပ်ပုံ မပေါ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်သာ သူတို့လည်းပဲ သူတို့လည်းပဲ ခဏလေးရပ်ဆိုင်းထားတဲ့သဘော ဖြစ်မယ်လို့ထင်ပါတယ်။

မေး ။ ။ ဒီနေရာမှာ တရုတ်နဲ့ထိုင်းရဲ့ စေ့စပ်ပုံချင်းက ဘာကွာခြားပါသလဲ။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တရုတ်က သူ့ကိုယ်ကျိုး ပိုပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တရုတ်ဟာ ပြဿနာလုံးဝပြေလည်ဖို့ထက် အဲ့ဒီလို ပြဿနာလည်း ရှိနေပါစေ၊ သူ့သြဇာလည်း သုံးလို့ရအောင် နှစ်ဘက်လုံးကို အဖိအဖော့ ကစားချင်တဲ့သဘောက တရုတ်ဆီမှာ ပိုပြီးတော့ တွေ့ရပါတယ်။ ထိုင်းမှာကတော့ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး အကျိုးစီးပွား ရှိတယ်။ သူတို့ နယ်စပ်ကုန်သွယ်ရေး ရှိတယ်။ သဘာဝဓာတ်ငွေ့တို့ ဘာတို့နဲ့ အ‌ပေးအယူ ဝယ်ယူတာတွေရှိတယ်။ ဒါပေမဲ့ တရုတ်မှာလို စစ်ရေးမဟာဗျူဟာကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လို တရုတ်မှာ စစ်ရေးမဟာဗျူဟာလည်း ပါတော့၊ တရုတ်က အကျိုးစီးပွား ပိုများတဲ့အတွက်ကြောင့် တရုတ်က ပိုပြီး အရှုံးအမြတ်ကို တွက်ပါလိမ့်မယ်။ ထိုင်းကတော့ အဲ့ဒီလောက်ထိ မဟုတ်ဘဲနဲ့ ပြဿနာ လုံးဝပြေလည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ရင်ဆိုရင်ပဲ ဘယ်သူဘဲတက်တက်ပေါ့လေ − တည်တည်ငြိမ်ငြိမ် ထိန်းနိုင်မယ်ဆိုရင်တော့ သူ့အနေနဲ့ စီးပွားရေး ဆက်လုပ်လို့ရမယ်။ နယ်စပ်ကုန်သွယ်ရေး မပြတ်ဘူးဆိုတာပဲ ထိုင်းက လိုလားမယ် ထင်ပါတယ်။ အဲ့ဒါကတော့ အဓိက ထိုင်းနဲ့ တရုတ်ရဲ့ ကွာဟချက်လို့ ပြောနိုင်မယ် ထင်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ သူတို့ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်ထိ တည်ငြိမ်နိုင်ပါသလဲ။

ဖြေ ။ ။ ပထမဆုံး ပြောခဲ့သလိုပဲ သူတို့စေ့စပ်ပေးခဲ့တာဟာ ငြိမ်းချမ်းရေးလည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေးအဆင့်ကိုလည်း မရောက်ဘူး။ သူတို့ဟာ လောလောဆယ် အခိုက်အတန့်အားဖြင့် အရှိန်လျော့သွားအောင် တားနိုင်ချင်းသာ ဖြစ်တယ်။ တရုတ်က လုံးဝငြိမ်းချမ်းရေးရအောင် စေ့စပ်နိုင်မလားဆိုတာကတော့ လုံးဝသံသယ ရှိပါတယ်။ စောစောက ပြောခဲ့သလိုပဲ သူတို့က မတင်မကျနဲ့ ခွပြီးကစားချင်တဲ့ သဘောမှာ ရှိတယ်။ ထိုင်းကတော့ လုံဝစေ့စပ်ပေးချင်တဲ့ သဘောရှိတယ်။ သူက အများကြီးပြောနေတယ်။ ထိုင်းသာ တကယ်လို့ ဒီကိစ္စကို အောင်အောင်မြင်မြင် စေ့စပ်နိုင်ရင် အာဆီယ့အတွင်းမှာလည်းပဲ တနည်းအားဖြင့်ပြောရင် အင်ဒိုနီးရှားနဲ့ ခေါင်းဆောင်မှု့ ဒေသတွင်းပြိုင်ပွဲမှာ ထိုင်းက တော်တော်လေး အရှိန်တက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းက အားသွန်ခွန်စိုက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သို့ပေမဲ့လဲ NUG တို့ KNU တို့ဘက်က ပြတ်ပြတ်သားသား ပြောထားတာ ရှိတယ်။ သူတို့က စစ်တပ်သည် နိုင်ငံရေးက စွန့်ခွါမယ်ဆိုတာက မပြောမချင်း သူတို့ကစေ့စပ်မှု မလုပ်ဘူးလို့ ပြောထားတာဖြစ်တာကြောင့် တော်တော်လေးတော့ အခက်အခဲကြုံရမှာ ဖြစ်ပါတယ်။ သူတို့ ဘယ်လောက်ပဲ စေ့စပ်စေ့စပ် ဆက်ပြီးတော့ ခဲရာခဲဆစ် အခြေအနေပေါ့လေ။ ကိုင်ရတွယ်ရခက်တဲ့ အခြေအနေ ဖြစ်နေအုံးမယ် ထင်ပါတယ်။

မေး ။ ။ ဒီနေရာမှာ တခုသိချင်တာက တရုတ်နဲ့ထိုင်းက စစ်ကောင်စီကို သဘောကျတယ် ထင်ပါသလား။ သူတို့ ကူညီတယ်ဆိုပေမယ့် ပြီပြတ်အောင် ဘာလို့ မကူညီတာပါလဲ။

ဖြေ ။ ။ တရုတ်ကတော့ စောစောက ပြောပြီးပြီ။ သူတို့အတွကိ အဖိအဖော့နဲ့ လုပ်ပြီးကစားမယ်။ သို့ပေမဲ့ လောလောဆယ် ပြဿနာက စစ်ကောင်စီ လုံးဝပြိုကွဲသွားရင် Power Vacuum ဖြစ်မယ်။ Inner ဟာကွက် ဖြစ်မယ် မြန်မာပြည်မှာ။ အခုလက်ရှိ NUG ဦးဆောင်တဲ့ အင်အားစုတွေက လုံးဝ တိုင်းပြည်ကို ငြိမ်အောင်ထိန်းနိုင်မလား။ ငြိမ်အောင်ထိန်မလားဆိုတာ တိုင်းပြည် မပြိုမကွဲဖြစ်အောင် အဲ့ဒီလောက်ထိ ချုပ်ကိုင်နိုင်မလားဆိုတာ သူတို့ အဓိကသံသယ ရှိဟန်တူပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံဟာ Failed State လို ပြိုကွဲပြီး ဖရိုဖရဲ ဖြစ်တယ်ဆိုရင်တော့ သူတို့နှစ်နိုင်ငံလုံးဟာ အများကြီး အကျိုးနစ်နာပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့နှစ်နိုင်ငံလုံးက စဥ်းစားချင့်ချိန်ပြီးတော့ အတိုက်အခံအင်အားစုတွေ၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက တစုတစည်းတည်း ညီညီညွတ်ညွတ် ထိန်းနိုင်မယ်လို့ သူတို့ခိုင်မာလောက်တဲ့ အထောက်အထား ရှိပြီဆိုရင်တော့ သူတို့ဟာ ဒါကို တမျိုးတမည် စဥ်းစားလာပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ စစ်ကောင်စီနေရာမှာ အစားထိုးနိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ သူတို့သုံးသပ်မှာ သေချာပါတယ်။ သူတို့ စစ်ကောင်စီပြိုလဲသွားရင် ဘယ်သူ အစားထိုးမှာလဲဆိုတာကို သူတို့က စောင့်ကြည့်တယ်။ အဲ့ဒါကို တွက်ပြီးတော့မှ သူတို့က စစ်ကောင်စီကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီအတိုင်းပဲ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ် ထင်ပါတယ်။

မေး ။ ။ တဘက်မှာလည်း လက်ရှိမှာ ရခိုင်ဘက်မှာ တိုက်ပွဲတွေက တော်တော်ကို ပြင်းထန်နေတာပါ။ အဲ့ဒီတော့ ပြည်ပပေါ့ − အထူးသဖြင့် တရုတ်အနေနဲ့ ကြားဝင်စေ့စပ်နိုင်ပါသလား။ တရုတ် အကျိုးစီးပွားက ရခိုင်မှာ အများကြီး ရှိပါတယ်။

ဖြေ ။ ။ ဟုတ်တယ်။ ရခိုင်ကိစ္စက တရုတ်အတွက် ခေါင်းခဲစရာ ပြဿနာလို့ ပြောရမှာဖြစ်ပါတယ်။ စီးပွားရေး အကျိူးစီးပွားတွေ အများကြီးရှိတယ်။ တချို့က ဘယ်လိုသုံးသပ်လဲဆိုရင် တရုတ်ကသာ လုံးဝတစုံတရာမပြောဘဲနဲ့ လွှတ်ထားမယ်ဆိုရင် AA ဟာ ရခိုင်တပြည်လုံးကို မကြာခင်သိမ်းပိုက်သွား လိမ့်မယ်လို့ ဆိုပါတယ်။ အဲ့ဒီလို သိမ်းပိုက်သွားတာက တရုတ်အတွက် အကျိုးမရှိဘူးလားဆိုရင် တရုတ်ကို အဓိကထား ပြောတာပေါ့လေ။ ပိုလို့တောင်မှ သူတို့စီးပွား‌ရေး ကျောက်ဖြူမှာ ရှိတဲ့ စီးပွားရေးဇုန်တို့ ဘာတို့ ပိုတောင်မှာ စိတ်ချရလိမ့်မယ်လို့ တရုတ်က ခံစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ခံစားရတာကို လက်ပိုက်ကြည့်နေလိုက်ရင်လည်း သူတို့က စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာကို မထိမဲ့မြင်ပြုရာ ရောက်တာအတွက်ကြောင့် ဒီလောက်ထိလည်း လုပ်နိုင်စရာမရှိပါဘူး။ ဒါပေမဲ့ သူတို့ဝင်ရောက် စေ့စပ်မလားဆိုရင်လည်းပဲ သူတို့က ရှမ်းမြောက်မှာလို မင်းတို့ ရပ်လိုက်တော့ ဆိုရုံလောက်နဲ့ ရနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ AA က အဲ့ဒီလောက် အရင်းအနှီးပြုပြီးတော့ တိုက်ထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ လိုချင်တဲ့ အတိုင်းအတာတခုပေါ့လေ။ ဖိအားပေးစေ့စပ်တာ လက်လိမ်ချိုး စေ့စပ်တယ်ဆိုတာထက် အပေးအယူ လုပ်ပြီးတော့ ညှိနှိုင်းရင်တော့ တမျိုးတမည် ဖြစ်လာနိုင်မယ် ထင်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင်တော့ ဒါကို လုံးဝ ပြတ်ပြတ်သားသား AA ကလည်း ဆက်တိုက်နေမယ်ဆိုရင်တော့ တရုတ်ကလည်းပဲ ဒါကိုစောင့်ကြည့်နေရမယ်။ အခုချိန်ထိကတော့ သူတို့ ပါးစပ်ကပြောသာပြောတာ ငါတို့စေ့စပ်ပေးမယ် ပြောသာပြောတာ လက်တွေ့ ဘာမှ ဖြစ်လာတာ မရှိဘူးဆိုတော့ AA ကလည်း ဆက်တိုက်နေတယ်။ သို့သော် AA ဟာလည်း တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ဒီနေရာမှာဆိုတော့ အဲ့ဒါကိုလည်းပဲ တရုတ်က စိတ်ချတယ်။ AA ဆက်တိုက်နေရင်လည်းပဲ ငါတို့အကျိုးစီးပွားတော့ မနစ်နာဘူး။ သို့သော်လည်းပဲ စစ်ကောင်စီနဲ့ ပြေလည်အောင်ညှိပြီးတော့ သူတို့ ဘယ်လို ကိုင်တွယ်ရမလဲ AA ကို ဘယ်လောက်ထိ လိုက်ရောရမလဲဆိုတာကို စဥ်းစားနေဟန် ရှိတယ်လို့ သုံးသပ်သူတွေကလည်း ပြောကြပါတယ်။

မေး ။ ။ ရခိုင်ဘက်က ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ု့တို့ကကော ဘယ်လို သဘောရှိပါသလဲ။

ဖြေ ။ ။ ဘင်္ဂလားဒေ့ရ်ု့ကတော့ လောလောဆယ် ဒုက္ခသည်ကိစ္စသာ ဖြစ်ပြီးတော့ သူ့နိုင်ငံအတွက် လုပ်နေတော့ ဒါကို အဓိကထားနေတဲ့အတွက် ဘင်္ဂလားဒေ့ရ်ု့ဘက်ကတော့ သိပ်ပြီးတော့ အရေးမပါလှဘူး။ အိန္ဒိယကြတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ ကုလားတန် ဘက်စုံ စီမံကိန်းက သိပ်ကိုအရေးကြီးပါတယ်။ AA ဘက်က ပြောထားတာကလည်းပဲ ဒီစီမံကိန်းကို သူတို့ အကာအကွယ် ပေးနေတာ။ လုံခြုံရေးအတွက် ပေးထားတာ ဖြစ်တယ်။ ထိုနည်းလည်းကောင်း တရုတ်ကိစ္စကိုလည်း သူတို့က ဘာမှမထိဘဲနဲ့ မထိခိုက်အောင် ဆက်လက်ထားသလို ကုလားတန်စီမံကိန်းကိုလည်းပဲ သူတို့ကပဲ လုံခြုံရေးယူထားတာ ဖြစ်တယ်။ အိန္ဒိယကလည်း AA ကို ယုံတယ်။ အိန္ဒိယကလည်းပဲ AA နဲ့သာလျှင် ပိုပြီးတော့ စေ့စပ်ကောင်း စေ့စပ်မလားဆိုပြီးတော့ လုပ်ပါတယ်။ အိန္ဒိယက ဒီဟာကို AA ရဲ့ သဘောတူညီချက် မပါဘဲနဲ့ ကုလားတန်စီမံကိန်းကို လည်ပတ်နိုင်ဖို့ ခက်မယ်ဆိုပြီးတော့ သုံသပ်သူတချို့က ပြောပါတယ်။ သုံးသပ်သူဆိုတာ ရခိုင်က နိုင်ငံရေးသမားကြီး ဦးဖေသန်းက အဲ့ဒီလို ပြောထားပါတယ်။ နားထောင်ကြည့်ရအောင်လား။

ဦးဖေသန်း ။ ။ တရုတ်အတွက်လည်းပဲ ရခိုင်မှာ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှု့တွေ ရှိတယ်။ မဒေးကျွန်းရေနှံပိုက်လိုင်း စီမံကိန်းတွေ တဘက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း SEZ တွေပေါ့။ အဲ့ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားတယ်။ နောက်ပြီး ကျောက်ဖြူ−ကူမင်း ရထားလမ်း ဖောက်လုပ်မယ်ဆိုတဲ့ စီမံချက်တွေလည်း ရှိတယ်။ ဒါကြောင့် တရုတ်အတွက် ဘင်္ဂလားပင်လယ်အော် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်တဲ့ ဒီစီမံကိန်းလုပ်ငန်းတွေက တော်တော့်ကို အရေးကြီးတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ အဲ့ဒီလုပ်ငန်းတွေပေါ်မှာ သူတို့ရဲ့ စီမံကိန်းတွေ ထိခိုက်မှာ ပျက်ဆီးမှာကို တရုတ်တို့ဘက်ကလည်း စိုးရိမ်မှာပါပဲ။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို AA ဘက်ကလည်း ဖျက်ဆီးမှာ မဟုတ်ဘူး။ သူတို့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု့တွေကို ကာကွယ်မယ်။ အသစ်တွေလည်း သူတို့ ဖိတ်ခေါ်ထားတာ ရှိတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေဟာ AA ကတော့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးပစ်နိုင်စရာ အကြောင်းမရှိဘူး။ AA တွေ ရောက်လာရင် ပိုပြီးတောင် လုံခြုံတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါကြောင့် ဒီပေါ်မှာ ဖိအားပေးပြီးတော့ မြန်မာစစ်တပ်ဘက်က ဘယ်လောက်ပဲ တောင်းဆိုဆို တရုတ်ဘက်က ဝတ်ကြေတန်းကြေပဲ လုပ်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ AA ဘက်ကလည်း သူတို့ရည်မှန်းချက် မပြည့်ရင် စစ်ရည်မှန်းချက်တွေပေါ့ အထူးသဖြင့် ဒီလိုရည်မှန်းချက်တွေ မပြည့်ရင် စီးပွားရေး နိုင်ငံရေးကိစ္စတွေမှာ သူတို့ကလက်လျှော့ပြီးတော့ ဆွေးနွေးမှာ မဟုတ်ဘူး။ လက်လျှော့ပေးမှာ မဟုတ်ဘူး။ အဲ့ဒီ့ကြောင့် တချိန်ချိန်မှာတော့ သူတို့ရဲ့ ဆွေးနွေးမှု့ ရပ်လဒ်တွေ ကျနော်တို့လည်းကြားနေရပါတယ်။ ဆွေးနွေးတယ် ဖိအားပေးတယ်ဆိုပြီးတော့ အဲ့ဒီ့ရဲ့ရလဒ်ကတော့ AA က လက်ခံမှ သူတို့ရဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်မှ လက်ခံကောင်းလက်ခံနိုင်တယ်။ ဒီအချိန်မှာတော့ ဘယ်လိုမှ ရခိုင်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြောင်းပြပြီးတော့ တဘက်က စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်ဆဲပါဆိုပြီးတော့ ဖိအားပေးတောင်းဆိုမှု့တွေဟာ အရာအရောက်နိုင်ဘူးလို့ ကျနော်က သုံးသပ်ပါတယ်။

ဖြေ ။ ။ ဦးဖေသန်း ပြောတဲ့အတိုင်းပါဘဲ။ တကယ်လည်းပဲ အိန္ဒိယကလည်းပဲ စောင့်ကြည့်နေတဲ့ အခြေအနေ ရှိတယ်။ ဆိုတော့ တရုတ်ကလည်းပဲ စောင့်ကြည့်နေရတဲ့အနေအထား ဖြစ်တယ်။ အိန္ဒိယကလည်းဘဲ သူတို့အကျိူးစီးပွားအတွက် စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ AA ကိုတော့ လွယ်လင့်တကူတော့ နှစ်ဘက်လုံးက ပြောလို့ရမယ် မဟုတ်ဘူးလို့တော့ ထင်ပါတယ်။ သူတို့ရဲ့ စိတ်တိုင်းကျ အပေါ်စီးကနေ စျေးစစ်နိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောရင် မှန်တယ်ထင်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ အခုလို အခြေအနေတွေမှာ မြန်မာ့ ပဋိပက္ခက ရှေ့ဆက်ပြီးတော့ အလားအလာက ပြေလည်ဖို့ ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ အမြဲတမ်းပြောသလိုပါပဲ အဓိက ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေးကိုအခြေခံပြီး ဖြစ်လာတာပါ။ နိုင်ငံအားဖြင့် ပြဿနာပြေလည်ဖို့ လိုတယ်။ အခု NUG တို့ KNUတို့က တရားဝင်ပြောသလို ကျန်တဲ့အဖွဲ့တွေကလည်း ကျန်တဲ့အဖွဲ့တွေတင်မကဘူး။ မြန်မာပြည်မှာ မြေပေါ်မြေအောက် နိုင်ငံရေး အင်အားစုတွေအားလုံးက စစ်တပ်ဟာ နိုင်ငံရေးက လုံးဝထွက်သွား အဲ့ဒီလို ဆိုရင်တော့ ပြေလည်နိုင်စရာအကြောင်း ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ ၂၀၂၁ မှာ စစ်ကောင်စီက အာဏာသိမ်းပြီးထဲက အင်ဒိုနီးရှားက ကမ်းလှမ်းဖူးတယ်လို့ ကျနော် အထောက်အထား တွေ့ရပါတယ်။ အင်ဒိုနီးရှား ဗိုလ်ချုပ်တွေက အာဏာသိမ်းခေတ်လွန်မှာပေါ့လေ စစ်တပ်က နိုင်ငံရေးက ထွက်ခွာသွားအောင် မင်းတို့နဲ့ ဆွေးနွေးညှိနှိုင်းမယ်လို့ သူတို့က ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ မြန်မာစစ်တက်က လက်မခံခဲ့ဘူးလို့ ပြောပါတယ်။ အဲ့ဒီအယူအဆကို မြန်မာစစ်တပ်က လက်ခံဖို့ လိုတယ်။ အင်ဒိုနီးရှားဆို ချက်ချင်းတိုးတက်သွားမှာ။ စစ်တပ်က နိုင်ငံရေးက လုံးဝထွက်ပေးလိုက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာအတွက် ဖြေရှင်းဖို့အတွက် လမ်းပွင့်သွားမယ်။ အဲ့ဒီလိုဆိုရင် ဖြစ်နိုင်တယ်။ မဟုတ်ရင်တော့ တိုက်တဲ့သူက တိုက်မှာပဲ စစ်ကောင်စီ လုံးဝပြိုလဲသွားအောင် ဆက်ပြီး ကြိးစားကြမှာဘဲ။ အဓိက စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ရှားဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ။ ဦးကျော်ဇံသာရှင်။ အခုလိုဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။

မြန်မာပဋိပက္ခ  အိမ်နီးချင်းတွေ စေ့စပ်ပေးနိုင်မလား
please wait

No media source currently available

0:00 0:12:37 0:00

Forum

XS
SM
MD
LG