သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ထောက်လှမ်းရေး ဆိုင်ဘာတိုက်ခိုက်မှုအတွက် ရုရှားကို ဂျာမနီသတိပေး


မော်စကိုမြို့မှာရှိတဲ့ ရုရှားစစ်ထောက်လှမ်းရေးဌာနချုပ် အဆောက်အဦ။
မော်စကိုမြို့မှာရှိတဲ့ ရုရှားစစ်ထောက်လှမ်းရေးဌာနချုပ် အဆောက်အဦ။

ရုရှား စစ်ထောက်လှမ်းရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ဂျာမနီအာဏာရ ညွန့်ပေါင်းအဖွဲ့ကို ကွန်ပြူတာဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဘာလင်က ရုရှားသံရုံးတာဝန်ခံကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် သတိပေးခဲ့တယ်လို့ ဂျာမနီအစိုးရ ဒုတိယပြောခွင့်ရ Wolfgang Büchner က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၃ က ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ SPD ဆိုင်ဘာတိုက်ခိုက်မှု ခံခဲ့ရတာဟာ ရုရှား စစ်ထောက်လှမ်းရေး GRU လက်ချက်လို့ ဂျာမနီထောက်လှမ်းရေးအဖွဲ့တွေက ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။ SPD က သူတို့ပါတီ အမှုဆောင်အရာရှိတွေရဲ့ အီးမေးလ် အကောင့်တွေကို ၂၀၂၃ နှစ်ဆန်းပိုင်းလောက်မှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ ဇွန်လဲထဲမှာ ကြေညာခဲ့တာပါ။

ရုရှားစစ်ထောက်လှမ်းရေး GRU ရဲ့ ညွှန်ကြားမှုနဲ့ ရုရှားအစိုးရ ထိန်းချုပ်ထားတဲ့ ဆိုင်ဘာတိုက်ခိုက်ရေးအဖွဲ့ APT28 ခေါ် Fancy Bear ရဲ့ တိုက်ခိုက်မှုအတွက် ဂျာမနီအစိုးရက သူ့ရဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ အီးယူ ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့တို့နဲ့ အတူ အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်းလည်း Büchner က ပြောပါတယ်။


သြစတြေးလျားကိုရောက်နေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကလည်း ၂၀၂၃ ဆိုင်ဘာတိုက်ခိုက်မှုဟာ ရုရှားထောက်လှမ်းရေးက လုပ်ဆောင်တာဖြစ်ကြောင်း သောကြာနေ့မှာပဲ အတည်ပြုခဲ့ပြီး ရုရှားဟာ သူ့ရဲ့ ဒီလုပ်ဆောင်မှုအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ ဘာ အကျိုးဆက် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ ဂျာမနီနိုင်ငံခြားရေးဌာန ပြောခွင့်ရ Christian Wagner ကတော့ ဒီတိုက်ခိုက်မှုအတွက် ဂျာမနီက သံတမန်ရေးဆိုင်ရာနဲ့ ဒဏ်ခတ်အရေးယူမှုတွေ အပါအဝင် နည်းမျိုးစုံသုံး တုံ့ပြန်ဖို့ ရှိတယ်လို့ ဘာလင်မှာ သတင်းထောက်တွေကို ပြောပါတယ်။

NATO နဲ့ အီးယူကလည်း ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြီး ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုဟာ ဂျာမနီ တနိုင်ငံထဲ မဟုတ်ပဲ ဗြိတိန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်နဲ့ ဆွီဒင် နိုင်ငံတွေကိုပါ တိုက်ခိုက်နေတာဖြစ်ပြီး ဒီတိုက်ခိုကမှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောပါတယ်။

Forum

XS
SM
MD
LG