သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၃၈ ဦးကို အိန္ဒိယပြန်ပို့ 


အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (ဓါတ်ပုံ _ REUTERS) (ယခင်မှတ်တမ်းပုံ)
အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (ဓါတ်ပုံ _ REUTERS) (ယခင်မှတ်တမ်းပုံ)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၃၈ ဦးကို အိန္ဒိယ အာဏာပိုင်တွေက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ပထမအသုတ်အဖြစ်နဲ့ ပြန်ပို့လိုက်ပါပြီ။​ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့်အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာကြောင့် အကြိမ်ကြိမ် ပျက်ခဲ့ပြီးတဲ့နောက်မှာ ဒီကနေ့ ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်းက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံအတွင်း အရပ်သားဒုက္ခသည်တွေအပြင် မြန်မာစစ်သားတွေပါ ထွက်ပြေး ခိုလှုံလာခဲ့တာကြောင့် အိန္ဒိယဗဟိုအစိုးရအပြင် မဏိပူရပြည်နယ် အစိုးရ တာဝန်ရှိသူတွေကပါ လုံခြုံရေးအတွက် စိုးရိမ်လာတာကြောင့် မြန်မာစစ်ပြေးဒုက္ခသည်တွေကို အခုလို ပြန်ပို့ဖို့ဖြစ်လာတာပါ။

စုစုပေါင်း မြန်မာစစ်ဘေးဒုက္ခသည် ၇၇ ဦးကို ပြန်ပို့ဖို့ စီစဉ်ထားတဲ့အထဲက ဒီကနေ့မှာ အနည်းဆုံး ၃၈ ယောက်ကို ပြန်ပို့နိုင်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က လူမှုကွန်ယက်မှာ ရေးပါတယ်။ သူတို့ကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အောင်မြင်စွာ ပြန်ပို့နိုင်ခဲ့ကြောင်းနဲ့ သူ့အစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို ဆက်လက် စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း အိန္ဒိယနိုင်ငံသားတဦးကို ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

မဏိပူရပြည်နယ်ဟာလည်း သူ့ပြည်နယ်အတွင်း မနှစ်ကဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေကြောင့် အနည်းဆုံး လူပေါင်း ၂၂၀ လောက် သေဆုံးခဲ့ရတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေတာပါ။

၁၉၅၁ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂပဋိဉာဏ်စာချုပ်ကို အိန္ဒိယနိုင်ငံက လက်မှတ်ထိုးထားခြင်းမရှိသလို သူ့နိုင်ငံအတွင်းမှာလည်း ဒုက္ခသည်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေ ပြဌာန်းထားတာ မရှိပါဘူး။

နှစ်ပေါင်း ၄၀ ကျော်ကြာ တည်ရှိခဲ့တဲ့ နှစ်နိုင်ငံနယ်စပ် တဘက်တချက်စီမှာ နေထိုင်ကြတဲ့ မျိုးနွယ်တူ လူမျိုးစုတွေအကြား နယ်ခြားမျဉ်းကို ဖြတ်ကျော်ပြီး ၁၀ မိုင်လောက်အထိ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေမပါဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာခွင့်ရှိတဲ့ Free Movement Regime (FMR) သဘောတူညီချက်ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်ရိုးခတ်မယ့် အစီအစဉ်ကို မဏိပူရအစိုးရက ထောက်ခံထားပါတယ်။ မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တခြား မီဇိုးရမ်းနဲ့ နာဂလန်းပြည်နယ်တို့ကတော့ အဲဒီ နယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကို ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG