သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့ ဘုရားကျောင်းတွေမှာ ၅ ဦးထက်ပိုမစုဖို့ စစ်ကောင်စီ အမိန့်ထုတ်ထား


ဟားခါးမြို့ (ယခင်ပုံဟောင်း)
ဟားခါးမြို့ (ယခင်ပုံဟောင်း)

ဟားခါးမြို့၊​ မြို့သစ်ရပ်ကွက်က လူနေဆိုင်ခန်းတွေ ပိတ်ခိုင်းပြီး ဘုရားကျောင်းတွေမှာ ၅ ဦးထက် ပိုမစုဖို့ စစ်ကောင်စီကထုတ်ပြန်ထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရိဒ်ခေါရ်ဒါမြို့က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ကို အိန္ဒိယဘက်က ပိတ်ဖို့ ပြင်ဆင်နေတဲ့အတွက် အိန္ဒိယက ကုန်ပစ္စည်းတွေကို မှီခို အားထားနေရတဲ့ ဒေသခံတွေအတွက် အခက်အခဲကြုံရနိုင်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ဧပြီ ၁၂ ရက်က ဟားခါး မြို့သစ်ရပ်ကွက်မှာ စစ်ကောင်စီဝန်ကြီးတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က မြို့သစ် ရပ်ကွက်က ဈေးဆိုင်တွေကို ပိတ်ခိုင်းပြီး ရပ်ကွက်မှာရှိတဲ့ ဘုရားကျောင်းတွေမှာလည်း ၅ ဦးထက်ပိုပြီး လူမစုဖို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဧပြီ ၂၂ ရက်က ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဟားခါးမြို့အတွင်း ဈေးဆိုင်များပိတ်ထားဖို့နဲ့ လူမစုဖို့အမိန့် စစ်ကောင်စီထုတ်ပြန် (ဧပြီ ၂၂၊ ၂၀၂၄)
ဟားခါးမြို့အတွင်း ဈေးဆိုင်များပိတ်ထားဖို့နဲ့ လူမစုဖို့အမိန့် စစ်ကောင်စီထုတ်ပြန် (ဧပြီ ၂၂၊ ၂၀၂၄)

ဒီလိုထုတ်ပြန်ခဲ့တဲ့အမိန့်ကို ဖြေလျှော့ပေးဖို့ ဧပြီ ၂၄ ရက်မှာတော့ ဆရာတော်တွေ မြို့မိမြို့ဖတွေဟာ ဟားခါးအစိုးရအဖွဲ့နဲ့ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အကြောင်း ဟားခါးဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“အဲ့ဒါကို ပြန်လည်သုံးသပ်ပေးဖို့ သူတို့ကလည်း တယောက်တည်း တခါတည်း ဆုံးဖြတ်လို့မရဘူး။ ဒီဟာက နမခ တိုင်းမှူးအထိတက်ရမှာ၊ တိုင်းမှူးရဲ့သဘောထား အရင်ယူပြီးမှပဲ သူတို့ပြန်ပြီးတော့ အကြောင်းကြားပါ့မယ်လို့ပြောတယ်။ ဥပမာ မြို့ခံတွေက တနေ့လုပ် တနေ့စားတွေ များတဲ့အတွက် သူတို့တွေက ဆိုင်လေးဖွင့်ပြီး ပိုက်ဆံရှာတာဖြစ်တဲ့အတွက် ဆိုင်ကိုအကြာကြီး ပိတ်ခိုင်းလို့ရှိရင် စားဝတ်နေရေး အခက်အခဲဖြစ်နိုင်တယ်။ ဘုရားကျောင်းဆိုရင်လည်း တနင်္ဂနွေနေ့ ဘုရားကျောင်းဆိုတော့ အများအားဖြင့် ခရစ်ယာန်တွေပေါ့၊ ဘုရားဝတ်ပြုမယ့် နေရာမရှိသလို တနင်္ဂနွေရောက်ရင် ဘယ်သွားရမလဲဆိုတာ မသိတော့ ပြည်သူတွေကို စေတနာနဲ့ ထုတ်ပြန်ထားတာကို ပြန်သုံးသပ်စေချင်တာပါ။”

ဒီအမိန့်ဟာ ဝန်ကြီးတွေလိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ရက်အကြာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဝန်ကြီး ၃ ဦးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါး CDF က ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးတွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဟားခါး-ထန်တလန် လမ်းခွဲအနီးမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့နေရာဟာ မြို့သစ်ရပ်ကွက်အပိုင်ထဲမှာ ရှိတာဖြစ်လို့ အခုလို အမိန့်ထုတ်ပြန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါရ်ဒါမြို့က ရိဒ်-ဇိုခေါ်ထာရ် ဂိတ်ကို လာမယ့် မေ ၁ ရက်ကစပြီး အိန္ဒိယဘက်က ပိတ်ဖို့ အကြောင်းကြားထားပြီး အခုလို ပိတ်သိမ်းပါက ဒေသခံတွေ စားဝတ်နေရေး အခက်တွေ့နိုင်တယ်လို့ ပြောပါတယ်။ အခုလို ရိဒ်-ဇိုခေါ်ထာရ်ဂိတ်ပိတ်မယ့် အခြေအနေကို ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“အဲ့လို ပိတ်လိုက်မယ်ဆိုရင် ဒေသခံပြည်သူတွေပေါ့ တော်တော်ဒုက္ခရောက်မှာ။ ကုန်ပစ္စည်းတွေကို အဓိကထားပြီး ကူလီထမ်းတာတို့၊ အဲ့ဒါတွေကိုလုပ်ပြီး အသက်မွေးကြတာဆိုတော့ ကျွန်တော်ကောပဲ နယ်စပ်ကူးခွင့် ပိတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ပိုက်ဆံရဖို့ တော်တော်ခက်သွားမှာ။ ကျွန်တော်တို့ အထူးသဖြင့် နယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေက နေ့စဉ် စားသောက်ရေးဖို့ အိမ်သုံး ပစ္စည်းတွေအတွက် အိန္ဒိယပစ္စည်းကို သုံးတာများတယ်။ အဲ့လိုပိတ်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလည်း မပြောတတ်တော့ဘူး။ နည်းနည်းတော့ စိတ်ပူတယ်။”

ရိဒ်-ဇိုခေါ်ထာရ် တံတားကို အိန္ဒိယ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲပြုလုပ်တဲ့ ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ပိတ်ထားခဲ့ပြီး ဧပြီ ၂၁ ရက်မှာ မနက်ပိုင်း ခေတ္တ ပြန်ဖွင့်ပေးခဲ့ပေမယ့် ညနေပိုင်းမှာ တံတားကို ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ ကားတွေ ပေးမဖြတ်တော့ဘဲ ဆိုင်ကယ်နဲ့လူတွေကိုသာ ဖြတ်သန်း သွားလာခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိဒ်ခေါ်ဒါရ်မြို့က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၃ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကာကွယ်ရေး အဖွဲ့တွေက အုပ်ချုပ်ရေး ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG