သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောမြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီက ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို၊ သတ်ဖြတ်ခံရမှုတွေ ရှိနေတာကြောင့် ဒေသခံ အများအပြားဟာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပါဝင်တဲ့ မွန်ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မနေ့ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့လည်း ဓမ္မသ ရွာသား တယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက တက်လာတာ ဓမ္မသရွာအနီးမှာ ဒီဘက်အဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်လိုက်တော့ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးတာအများကြီးပဲ၊ ပြီးတော့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာပစ်တာ ဒီဘက်က မွန်နဲ့ကရင်တပ်တွေလည်း ထိတယ်၊ ဒဏ်ရာရတယ်။ လေယာဉ် ၂စင်း လာတာ ဗုံးကြဲချတော့ ဒေသခံတွေ ထိတ်လန့်ကုန်တယ်။ ဗုံးတအားပစ်ချတာ၊ ညက သူတို့ ဦးတည်ရာမရှိဘူး ရမ်းသမ်း ကြဲချနေတာ ဒေသခံတွေ ထိတ်လန့်ကြောက်ရွံလို့ သံဃာတော်တွေရော ဒေသခံတွေရော ထွက်ပြေးကြတယ်။၊ လူတွေ တောက်လျှောက်ထွက်ပြေးကြတာ။ သူ့အဆက်အသွယ်နဲ့သူ နီးစပ်ရာကို ပြေးတာပေါ့။ လူ လေး၊ ငါးရာ မက ဘူး။ တချို့က ကားနဲ့ ပြေးကြတယ်၊ တချို့က စက်လှေနဲ့ ပြေးကြတယ်။ အဆင်ပြေသလို ထွက်ပြေးနေကြတယ်။” ဆိုပြီး မွန်ဘာသာနဲ့ ပြောဆိုသွားပါတယ်။

NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရေသေးပေမဲ့ မနေ့ညမှာတော့ အချိန် ၂ နာရီခွဲကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“မနေ့ကပေါ့နော် ၇နာရီခွဲ ဝန်းကျင်ပေါ့နော်၊ စကစကပေါ့နော် သံချပ်ကာတပ်တွေပါမယ် နောက်ပြီးတော့ သင်္ဘောကနေ ပစ်တာပါတယ်။ လေယာဉ်လည်း ပါပြီးတော့ ဒီဓမ္မသဘက်ကိုပေါ့နော်၊ ထိုးစစ်ဆင်လာတဲ့အခါကျတော့ ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ တိုက်ပွဲက ၇ နာရီခွဲကနေ ၁၀ နာရီဝန်းကျင်လောက်ပေါ့နော်၊ အဲ့လိုဖြစ်တယ်။ အဲ့လိုဖြစ်တဲ့အခါကျတော့ ၁၀ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က ဆုတ်ပေးလိုက်ရတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ ဒါက မနေ့က တိုက်ပွဲအခြေအနေဖြစ်တယ်။”

NMSP-AD တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က သံကလောင်ရွာခံ ၂ဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန် က ပြောပါတယ်။

“မနေ့က သံကလောင်ဘက်က စကစတပ်တွေပေါ့နော် ဒီရွာသားပေါ့နော် ၊ မွန် AD စစ်သားဆိုပြီး စွပ်စွဲပြီးတော့ ၂ ယောက်ကို ဖမ်းဆီးပစ်သတ်လိုက်တယ် အခြေအနေက အဲ့ဒီလောက်ထိ ကျနော်တို့ လောလောဆယ်သိရတယ်ပေါ့နော်။”

လတ်တလော ဓမ္မသရွာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မွန်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မွန်-ကရင်နယ်စပ် ကော့ဘိန်း၊ တရနာ၊ သံကလောင်၊ ဓမ္မသကျေးရွာတဝိုက်မှာ ကြိုကြားကြိုကြား တိုက်ပွဲဖြစ်နေတာ အခုဆို တစ်လလောက်ရှိလာပါပြီ။ တိုက်ပွဲတွေကြောင့် ရွာသားတွေ မကြာခဏ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG