သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ကြီးထွားလာချိန် ဒေသခံအရပ်သားတွေ လုံခြုံမှု ကုလစိုးရိမ်


ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk ။ (Photo: REUTERS/Denis Balibouse)
ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk ။ (Photo: REUTERS/Denis Balibouse)

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်အသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေကြား တင်းမာမှုတွေ ဖြစ်လာနေတာဟာ ဒေသခံအရပ်သားတေွအတွက် အန္တရာယ် သိပ်ကြီးတဲ့အပြင် အရင်လို ရက်စက်ကြမ်းကြုတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဧပြီ ၁၉ ရက် သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ နိုဝင်ဘာ ၁၅ ရက်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်တပ်တွေကြား ရခိုင်ဒေသ မြို့နယ် ၁၇ ခုမှာ တိုက်ပွဲဖြစ်ပွါးတာကြောင့် အခုဆို သေဆုံးဒဏ်ရာရသူ ရာနဲ့ချီ ရှိနေသလို ဒေသခံ ၃ သိန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ဒီအထဲမှာ အန္တရာယ်ပိုကြီးတာက ရိုဟင်ဂျာတွေပဲဖြစ်ပြီး ၊ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ ပစ်မှတ်ထားတာကိုပဲ ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ အခု အချိန်မှာ စစ်ကောင်စီဘက်ကရော AA အာရက္ခတပ်ဘက်ကပါ ပစ်မှတ်ထားတာ ခံရနိုင်တာကြောင့် ဒါမျိုး ထပ်ဖြစ်ခွင့် မပေးကြဖို့ မဟာမင်းကြီးက သတိပေးလိုက်တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်ပဲ ဖြစ်လာနေချိန်မှာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို တိုက်ပွဲတွေ ဦးတည်မလာခင် ရိုဟင်ဂျာအများအပြား နေထိုင်ရာ ဘူးသီးတောင်-မောင်တောမှာ တိုက်ပွဲတွေ ပြင်းထန်လာ နေတာကြောင့် သူတို့အတွက် အန္တရာယ် ကြီးလာနေတယ်လို့ ပြောပါတယ်။


စစ်ကောင်စီက ရိုဟင်ဂျာရွာသားတွေကို ဖြစ်စေ၊ သူတို့ အဓမ္မ စစ်သားစုဆောင်းထားတဲ့ ရိုဟင်ဂျာတွေကို ဖြစ်စေ၊ ရခိုင်တွေရဲ့ နေအိမ်တွေ၊ အဆောက်အဦးတွေ၊ ရွာတွေကို မီးရှို့ခိုင်းနေသလို တချို့ ရခိုင်ရွာသားတွေကလည်း ရိုဟင်ဂျာ ရွာတွေကို မီးရှို့ရာမှာ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေ ရနေတဲ့အတွက် ဒီသတင်းတွေ မှန်မမှန် စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

ဧပြီ ၁၅ ရက်နေ့က ဘူးသီးတောင်က နေအိမ် အလုံး ၂၀၀ လောက်နဲ့အတူ နယ်စည်းမခြားဆေးပညာရှင်များအဖွဲ့ MSF ရုံး၊ မီးရှို့ခံရပြီး မတ်လကတည်းက မောင်တောနဲ့ ဘူးသီးတောင်ဆေးရုံတွေကို စစ်ကောင်စီက ပိတ်လိုက်သလို လက်ရှိမှာလည်း တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့အတွက် ရခိုင်မြောက်ပိုင်းမှာ ဆေးကုသ စောင့်ရှောက်မှု မရပဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

အခုလို ရခိုင်ဒေသတွင်း ဆိုးဝါးတဲ့ အခြေအနေဟာ အရင်လို ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွါးဖို့ ဦးတည်နေတာကြောင့် စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေအပေါ် သြဇာညောင်းတဲ့ နိုင်ငံတွေအနေနဲ့ ရခိုင်ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေကို အကာကွယ်ပေးရေး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း လူ့အခွင့်ရေးမဟာမင်းကြီးက ပန်ကြား လိုက်ပါတယ်။

Forum

XS
SM
MD
LG