သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


သံတွဲမြို့
သံတွဲမြို့

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အမ်းနဲ့ ဘူးသီးတောင် မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း AA အဖွဲ့က ဆက်လက် တိုက်ခိုက်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရခိုင်တောင်ပိုင်းက သံတွဲမြို့ နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေသလို၊ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့လည်း သံတွဲဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ လွန်ခဲ့တဲ့ သုံးလေးရက်လောက်တော့ ထိပ်တိုက် တိုက်ပွဲတခုဖြစ်သွားတယ်။ တိုက်ပွဲဖြစ်တာက ဆိတ်ကြီးနဲ့ ဂွေးချောင်းကျေးရွာကြား၊ အဲဒီရွာနှစ်ရွာကြားမှာ တိုက်ပွဲဖြစ်တာ၊ ဂွေးချောင်းရွာက လည်း တိမ်းရှောင်သွားတယ် နောက် ဆိတ်ကြီးရွာ ဘေးနားမှာရှိတဲ့ အိမ်နည်းစုတွေလည်း အဲဒီရွာတွေကလည်း နည်းနည်းပါးပါးတိမ်းရှောင်တာရှိတယ်လို့သိရတယ်။အဲဒီတိုက်ပွဲ နောက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာရှိတော့ အဲနားကျေးရွာအနီးတွေမှာ လက်နက်ကြီးကျည်ကျတာတွေရှိတယ်။”

ရမ်းဗြဲမြို့နယ်ကို AA တပ်က ထိန်းချုပ်လိုက်ပြီး၊ မကြာသေးခင်ကစ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေ ပေါ်ပေါက်လာနေတာပါ။ တိုက်ပွဲတွေဖြစ်နေတဲ့ သံတွဲမြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး ကုန်လမ်းရေလမ်းတွေ အားလုံးကိုပိတ်ထားတယ်လို့လည်း သံတွဲဒေသခံကပြောပါတယ်။

“ လုံခြုံရေးတင်းကြပ်တာတို့ ဘာတို့တော့ ရှိတယ်၊ အဓိကတော့ မြို့ထဲဝင်ပေါက်တွေကို ပိတ်ထားတယ်၊ ဘယ်ဘက်ကပဲ ဝင်ဝင် ဂိတ်တွေကို ကျော်ပြီးတော့သွား ရတယ်၊တအားစစ် ဆေးတယ်။ နောက်ရေလမ်းကတော့ လုံးဝပိတ်ထားတယ်၊ ကုန်လမ်းတွေ လည်းပိတ်ထားတာတွေရှိတယ်။”

ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီဗျူဟာကုန်းတွေကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့ အထိတိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အမ်းမြို့နယ်တခုလုံးကို ပိတ်ဆို့ပြီး AA ဘက်က ထိုးစစ်ဆင်တိုက်နေတယ်လို့ ရခိုင်အရေးကျွမ်းကျင်သူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ အမ်းမြို့နယ် ကုဇကိုင်း တောဟိန်းတောင်ကိုတော့ AA ဘက်က တိုက်နေတယ်၊ပြီးတော့ အမ်းကို လေးဘက်လေးတန် လမ်းတွေကအစ AA ဘက်က ပိတ်ဆို့ထားတယ်၊ တိုက်ပွဲတွေလည်း ကြိုကြား ကြိုကြားဖြစ်တယ်၊ အဲလိုသတင်းတွေတော့ မြေပြင်က ဒေသခံပြည်သူတွေက တဆင့်သိရတာရှိပါတယ်။”

တချိန်တည်းမှာပဲ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ကူတွေ ရောက်လာနိုင်တဲ့ ရခိုင်နဲ့ မကွေးဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကိုလည်း AA ဘက်က ပိတ်ဆို့ထားတာပါ။ မနေ့ကတော့ အမ်းမြို့နယ်နဲ့ မိုင် ၂ဝလောက်ဝေးတဲ့ မင်းဘူး-မကွေးကားလမ်းမပေါ်မှာ စစ်ကောင်စီနဲ့ AAတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

“ မကြာသေးခင်က AA တပ်က အမ်း-ပဒါန်းလမ်းကို ပိတ်ထားတယ်၊ ပြီးတော့ မင်းဖူးဘက်က လည်း သူတို့ စစ်ဆင်ရေးတွေ ဖော်တယ်ပေါ့၊ ဆိုတော့ ဒီလမ်းကို နောက်ထပ် စစ်ကောင်စီ တပ်တွေ မဝင်လာနိုင်အောင်မင်းဘူးဘက်ကလည်း သူတို့ ကာထားပုံရပါတယ်၊ သူတို့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ AAတပ်ဖွဲ့တွေက အမ်းကို တိုက်နေတဲ့ အချိန်မှာ၊ အဲဒီလမ်းက စစ်ကူမပေးနိုင်အောင် ပြည်မဘက်က ကာထားတယ်လို့ အဲလိုပဲ သဘောပေါက်ပါတယ်။”

ဘူးသီးတောင် မောင်တောဘက်မှာ ရှိတဲ့ စစ်ကောင်စီဌာနချုပ် တပ်စခန်းတွေကို လည်း AAဘက်က ထိုးစစ်ဆင်တိုက်နေပြီး နေ့စဉ်နဲ့အမျှတိုက်ပွဲပြင်းထန်နေတာပါ။ တပ်စခန်းတွေတခုပြီးတခု လက်လွတ် ဆုံးရှုံးခံနေရတဲ့ စစ်ကောင်စီအနေနဲ့ ဘူးသီးတောင် မောင်တောမြို့နယ်မှာ ARSAအကြမ်း ဖက်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးပြီး ပူးပေါင်းတိုက်ခိုက်နေတာရှိတယ်လို့ အာရက္ခ တပ်တော်AAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ အခုလို AAပြောဆိုချက်နဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမျိုးမတွေ့ရသေးသလို၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG