သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နဲ့ ဟက်ဇ်ဘိုလာပစ်မှတ်တွေ အစ္စရေးလေကြောင်းက တိုက်ခိုက်


အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာမြင်ရတဲ့ မီးခိုးလုံး (ဧပြီ ၇၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာမြင်ရတဲ့ မီးခိုးလုံး (ဧပြီ ၇၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသ တလျှောက်မှာရှိတဲ့ ဟာမတ်စ်အဖွဲ့နဲ့ သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေကို အစ္စရေးစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို၊ တချိန်တည်းမှာလည်း လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာ စစ်သွေးကြွ နှစ်ဦးကို လေကြောင်းကနေ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့က ပြောပါတယ်။

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဖြစ်နေတာမှာ အခုနောက်ဆုံး ကြာသပတေးနေ့က လက်ဘနွန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး−ဟာမတ်စ်စစ်ပွဲ ပိုပြီး ကျယ်ပြန့်လာမယ့်အရေး စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။

လက်ဘနွန်နိုင်ငံ Kfar Kila အရပ်ကို အစ္စရေး လေကြောင်း တိုက်ခိုက်မှုအတွင်း ဟက်ဇ်ဘိုလာအဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်းကို ဟက်ဇ်ဘိုလာအဖွဲ့ကလည်း ပြောဆိုတဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ဟက်ဇ်ဘိုလာအဖွဲ့တွေက အစ္စရေးမြောက်ပိုင်းကို ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုအတွင်းမှာတော့ အစ္စရေး စစ်သား ၁၄ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ဂါဇာတောင်ပိုင်း Rafah ဒေသကို အစ္စရေးက စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို မထောက်ခံကြောင်းနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ပဋိပက္ခတွေ ပိုဆိုးမလာအောင် အမေရိကန်အစိုးရက ကြိုးပမ်းနေကြောင်း ပြောပါတယ်။

ဂါဇာစစ်ပွဲတွေကြား ဒုက္ခရောက်နေတဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အရေးကြီးကြောင်းနဲ့ ဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုအပ်တယ်လို့လည်း အီတလီနိုင်ငံမှာ ကျင်းပတဲ့ G7 နိုင်ငံတွေရဲ့ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒီကနေ့ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ဂါဇာကို လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့် တိုးမြှင့်ပေးမယ်လို့ အစ္စရေးဘက်က ကတိကဝတ်ပြု ပြောထားပေမဲ့ ခုချိန်အထိ ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်သေးဘဲ အကန့်အသတ်တွေ ရှိနေဆဲပဲလို့ ကြာသပတေးနေ့က ဝေဖန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG