သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 နိုင်ငံတွေ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးအတွက် ကူညီမည်


G7 နိုင်ငံခြားရေးဝန်ကြီးများ
G7 နိုင်ငံခြားရေးဝန်ကြီးများ

အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားဖြည့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အသက်တွေကာကွယ်နိုင်အောင်နဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်နိုင်အောင် ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို ခိုင်မာအောင် ကူညီမယ်လို့ G7 အစည်းအဝေးအပြီး နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

အဲဒီလိုလုပ်နိုင်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ ဂျာမနီနိုင်ငံက အဆိုပြုတဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေး ချက်ချင်းပေးနိုင်ဖို့ ဆောင်ရွက်မှုအပေါ်လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေ အသိအမှတ်ပြုခဲ့ကြပါတယ်။ G7 အဖွဲ့ဝင်ဖြစ်တဲ့ ဂျာမနီကသူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေး အကူအညီတွေပေးကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆက်သွယ်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Capri ကျွန်းမှာ ၃ ရက် ကျင်းပခဲ့တဲ့ စည်းဝေးပွဲအတွင်း အစ္စရေးနဲ့ အီရန် စစ်ရေးတင်းမာမှုနဲ့ ယူကရိန်းအပေါ် ကူညီထောက်ပံ့ရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတာပါ။ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေအတွက် စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းအတွက် နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့အတူ ဆက်လက် အကူအညီပေးသွားဖို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ကတိပြုထားပါတယ်။

ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအရထောက်ပံ့ကူညီနိုင်ဖို့ အမေရိကန်လွှတ်တော်မှာ အသုံးစရိတ်မူကြမ်းကို အမြန်ဆုံး အတည်ပြုပေးဖို့လိုအပ်တယ်လို့ G7 အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထပ်မံပြောကြားသွားပါတယ်။ ရုရှားစစ်လက်နက်ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေ လက်နက်ထုတ်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကို တရုတ်က အဓိကပေးနေတာလို့လည်း သူကပြောသွားပါတယ်။ စက်ပစ္စည်းကိရိယာတွေ၊ တပိုင်းလျှပ်ကူး semiconductor တွေ၊ စစ်ဖက်ရော အရပ်ဖက်ရော သုံးနိုင်တဲ့ ပစ္စည်းမျိုးတွေကို တရုတ်က ပေးပြီး ရုရှားကို အထောက်အကူပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG