သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မွန်-ကရင် နယ်စပ်မှာ တိုက်ပွဲပြင်းထန်


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ မွန်-ကရင်နယ်စပ်မှာ ဧပြီ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းက တရနာနဲ့ သံကလောင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ် ၂စင်းလာပြီး ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တရနာရွာနဲ့ ကျွန်းကုန်းရွာက နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့လည်း ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မွန်-ကရင်အစပ်က ကျိုက်မရောမြို့နယ် တရနာကျေးရွာနဲ့ သံကလောင်ကျေးရွာကြားမှာ ဧပြီလ ၁၉ ရက် ဒီကနေ့ မနက် ၆နာရီကနေ ၁၁နာရီအထိ ၅နာရီကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ တရနာ ရွာခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီမနက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် လေယာဉ် ၂စင်းနဲ့ပါ လာရောက် ဗုံးကြဲ တိုက်ခိုက်တဲ့အကြောင်း ရွာခံတဦးက ခုလို ပြောပါတယ်။

“ ၆နာရီခွဲကတည်းက စဖြစ်တာပေါ့၊ ဒီ ကျွန်းကုန်းအနားမှာ။ ကျွန်းကုန်းရယ် သံကလောင်ရယ် အဲ့နားတခွင်မှာပဲ ပစ်ခတ်တော်တော်ကြမ်းတယ်။ လေယာဉ်ရော ၊ လေယာဉ်က နှစ်ခေါက်လာကြဲတာပေ့ါ။ ဒီတရနာဘက်ကတော့ မဝင်သေးဘူး၊ တရနာကျွန်းကုန်းရယ် နောက်ပြီး သံကလောင် နားမှာပေ့ါ၊ အဲ့ဒီလမ်းထဲမှာပဲ(တိုက်ပွဲဖြစ်တယ်)။ ၁၁နာရီလောက်မှ အသံတိတ်သွားတယ်။ ဒီနေ့ (ပစ်ခတ်သံကြားရတာ) အများဆုံးပဲ။ တခြားနေ့ကတော့ တစ်ချက် နှစ်ချက်ပေါ့၊ နေ့တိုင်းပဲကြားရတာ။”

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်မှုကြောင့် တရနာရွာ၊ ကျွန်းကုန်းရွာက နေအိမ်တချို့ မီးလောင်ကျွမ်းနေတယ်လို့ နောက်ထပ်ရွာခံတဦးကလည်း အခုလို ပြောပါတယ်။

“ဒီအခြေအနေကတော့ အိမ် ၂လုံးထပ်လောင်တယ်။ စစ်သင်္ဘောကနေ လက်နက်ကြီးပစ်လို့ထင်တယ်။ တိုက်ပွဲက မနက်က စစ်သင်္ဘောကနေ လက်နက်ကြီးပစ်လာတယ်၊ မနက်အစောပိုင်းကတည်းက ၇နာရီ ၈နာရီအထိ လေယာဉ်ရော လက်နက်ကြီးရော မနားမရပ်ပစ်နေတယ်။ အခုကတော့ တရနာရွာမှာ ဆက်လောင်နေတယ် တစ်အိမ် နှစ်အိမ် မီးလောင်ကျွမ်းနေတုန်းပဲ၊ ညနေ ၄နာရီကနေ အခု ၅နာရီအထိ လောင်နေတုန်းပဲ” - လို့ မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။

တိုက်ပွဲအခြေအနေကို သိရဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲ့ဒီဒေသတွေမှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD၊ ကရင်လက်နက်ကိုင်တပ် KNU/KNLA လက်အောက်ခံနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ အများစု လှုပ်ရှားနေတာပါ။ လက်ရှိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ နှစ်ဖက် အသင့်အနေအထားမှာ ရှိနေပြီး အချိန်မရွေး တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းကို လက်လွှတ်ဆုံးရှုံးပြီးတဲ့နောက် အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးပြီး တရနာကျေးရွာနဲ့ သံကလောင်ကျေးရွာ လမ်းဆုံလမ်းခွမှာ တပ်စွဲနေရာယူထားပြီး နေ့စဉ်ဆိုသလို ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲဧရိယာတွေလည်း ကျယ်ပြန့်လာနေတယ်လို့ ရွာခံတွေက ပြောဆိုပါတယ်။

မွန်-ကရင် နယ်စပ်က စစ်ရေးပဋိပက္ခကြောင့် တနေ့တခြား စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာနေပြီး လက်ရှိမှာ လူဦးရေ ငါးသောင်းလောက်ဟာ နီးစပ်ရာ မြို့နဲ့ ကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) ရဲ့ လူသားချင်းစာနာမှု ဌာနမှူး မိသုတဂျော် က ဗွီအိုအေကို ပြောပါတယ်။

“မြို့ဘက်ကို ရောက်သွားတဲ့ လူဦးရေကတော့ ငါးသောင်းဝန်ကျင်းလောက် ရှိမယ်။ ကျေးရွာမှာ ဆက်ရှိနေတာရှိမယ်။ မြို့ဘက်က ရောက်သွားတဲ့လူတွေလည်း ဘာအကူအညီမှမရဘဲ၊ ကိုယ်ထူကိုယ်ထဘဲ ပြည်သူတွေက လုပ်နေကြရတယ်။ ပြည်သူကနေ ပြည်သူတွေကိုပဲ ပေးကမ်းနေရတယ်။ ပေးကမ်းနေတဲ့ သူတွေလည်း ဖမ်းဆီးချုပ်နှောင်မှု စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက်ကြောင့်မို့ လှူတဲ့သူတောင်မှ မလှူရဲတော့တဲ့အနေအထား ရှိတဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့လူက ရက်လည်း ကြာလာတဲ့အခါကျတော့ စားဝတ်နေရေးတို့၊ အနေအထိုင်အခက်တို့ အဲ့ဒါတွေက စပြီးမှ ခက်ခဲလာနေပြီး၊ နောက်ပြီးတော့ အိမ်တောင်ပြန်စရာမရှိတော့တဲ့ လူတွေကျတော့လည်း နေရာအတည်တကျ ချဖို့အတွက်ကလည်း ခက်ခဲလာပါပြီ။”

စစ်ရေးတင်းမာတဲ့ ဒေသတွေမှာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ တင်းကြပ်ထားတာကြောင့် သွားလာရေးအတွက် အန္တရာယ် များနေပါတယ်။ မီးဘေးသင့် ပြည်သူတွေနဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု လုပ်နေတာကြောင့်လည်း အကူအညီမပေးရဲဘဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG