သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေလဲ သားဖြစ်သူ မသိသေး


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Aris
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Aris

နေပြည်တော်မှာ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Aris ကပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းကျနေသူတွေကို အပူဒဏ်သက်သာအောင် လုပ်ပေးထားတယ်လို့ စစ်ကောင်စီက ပြောကြားခဲ့ပြီးနောက် သားဖြစ်သူက Reuters သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာလား။ တခြားထောင်ကို ပြောင်းလိုက်တာလားဆိုတာ မသဲကွဲဘူးလို့ သားဖြစ်သူက ပြောကြားခဲ့တာပါ။ အပြောင်းအလဲလုပ်တာက ကျန်းမာရေးကြောင့်လို့ စစ်ကောင်စီက ပြောပေမဲ့ မဖြစ်နိုင်သလောက်ပဲလို့လည်းပြောပါတယ်။ သူတို့အနေနဲ့ သူ့အမေကို လူသားဒိုင်းအနေနဲ့ အသုံးပြုဖို့ ဒါမှမဟုတ် အပေးအယူလုပ်တဲ့နေရာမှာ အသုံးချဖို့ဖြစ်မယ်လို့ သူထင်ကြောင်း သားဖြစ်သူ Kim Aris က ပြောကြားသွားတာဖြစ်ပါတယ်။

မြန်မာနှစ်ဆန်းတရက် မတိုင်ခင် တရက်အလိုက ပြင်းထန်တဲ့ အပူဒဏ် ခံနိုင်အောင် လုပ်ပေးထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောကြားခဲ့ပြီးနောက် သူ့ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို စစ်ကောင်စီဘက်က အတည်မပြုသလို ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာ ဘယ်လို ထားသလဲဆိုတာကိုလည်း စစ်ကောင်စီက ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို သူ့အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ကိုရော ပြင်ပနဲ့ ဆက်သွယ်ခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သတင်းတွေနဲ့ပတ်သက်လို့ သူ့ရဲ့ ရှေ့နေတွေကိုလည်း သတင်းဌာနတွေကို ပြောပြခွင့် စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ ဒါကြောင့် သူနဲ့ပတ်သက်လို့ အတည်မပြုနိုင်တဲ့သတင်းတွေ မကြာခဏ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၄ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်ကျခံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG