သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေလာလေတပ်စခန်းနဲ့ နေပြည်တော်စစ်ရုံးချုပ် တိုက်ခိုက်ခံရမှု ဒဏ်ရာရသူတွေရှိ


နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)
နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၄၊ ၂၀၂၄)

နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေဆိပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက လေကြောင်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရုံးထိုင်တဲ့ စစ်ရုံးချုပ်နဲ့ နေပြည်တော် အေလာ လေဆိပ်တို့ကို ဧပြီ ၄ ရက် မနက် ၁၀ နာရီခန့်ကကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒီအခြေ အေနနဲ့ ပတ်သက်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ နီးစပ်သူက အခုလို ပြောပြပါတယ်။

“အဓိက တိုက်ခိုက်တာကတော့ ဒရုန်းတွေနဲ့ပေါ့နော်။ တာဝေးပြေးဒရုန်းတွေနဲ့ တိုက်ခိုက်တယ်။ ဧလာ လေဆိပ်ကို ၁၃ စီးနဲ့ နေပြည်တော် စစ်ရုံးချုပ်ကို မင်းအောင်လှိုင် ထိုင်တဲ့ စစ်ရုံးချုပ်ကို ၁၆ စီးတိုက်ခိုက်တယ်။ အဲ့မှာတော့ ထိခိုက်မှု တချို့ရှိတယ်ကြားတယ်။ ထိခိုက်မှုက ဧလာ လေဆိပ်မီးလောင်နေတယ်။ နောက်ပြီးတော့ စစ်ရုံးချုပ်မှာတော့ တော်တော်များများ ဇေယျာသီရိ တပ်မတော်ဆေးရုံမှာ သူတို့ဆေးရုံမှာ တော်တော်များများ ရောက်နေကြပြီလို့ သတင်းကြားရတယ်ပေါ့နော်။ အခုက ပထမဆုံး လေကြောင်းတိုက်ခိုက်မှုလို့ ပြောရမှာပေါ့နော်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ပြောရမယ်။ ဒီလေကြောင်း တိုက်ခိုက်မှုက ထိရောက်မှုရှိတယ်လို့လည်း ပြောရမယ်။ ဒါနဲ့ပတ်သက်ပြီးပြောချင်တာက နောက်ထပ်လည်း တော်လှန်ရေး ဆက်ပြီးတော့ ဘယ်နေရာမှာပဲ စစ်ခေါင်းဆောင်တွေရှိရှိ လိုက်လံပြီး တိုက်ခိုက်ဖို့ ဆက်ပြီး လာမယ်ဆိုတဲ့အကြောင်း သတင်းစကား ပါးချင်ပါတယ်။”

တိုက်ခိုက်ခံရပြီး ထိခိုက် ပျက်စီး ဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ပျက်စီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ မနက် ၁၀ နာရီခွဲမှာ နေပြည်တော်လေဆိပ် အရှေ့ဘက်ကနေ ဒရုန်း ၄ စီး၊ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်ကနေ ဒရုန်း ၃ စီး ပျံသန်းဝင်ရောက်လာတာကို လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေက အောင်မြင်စွာ ပစ်ချနိုင်ခဲ့သလို လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောတဲ့ စစ်ရုံးချုပ် တိုက်ခိုက်ခံရတဲ့အခြေအနေကိုတော့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်တယ်လို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။

“ထူးထွေတော့မရှိပါဘူး လုံခြုံရေးက။ သွားလာနေကြတာပါပဲ။ အသံတွေဘာတွေတော့ မကြားရဘူး။ အနားမှာ ရှိတဲ့သူတွေကလည်း အသံတွေ ဘာတွေမကြားဘူးပြောတယ်။ လေယာဉ်တွေကတော့ ရပ်ထားရတယ်ပြောတယ်။ ပြည်တွင်းလေယာဉ်တွေ ဒီနေ့သွားမယ့်လူတွေ မသွားရဘူး”

အရင်ကလည်း နေပြည်တော် အေလာလေဆိပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ လေဆိပ်လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့ စစ်ကောင်စီဘက်က ဆောင်ရွက်ဖို့ ညွှန်ကြားချက်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG