သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်စစ်ဘက်ပစ်မှတ်တွေ ဦးတည်တိုက်ခဲ့တာလို့ NUG တုံ့ပြန်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြင်ဦးလွင် စစ်တက္ကသိုလ်မှာတွေ့ရစဥ်။ (မှတ်တမ်းရုပ်ပုံ/crd: YouTube)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြင်ဦးလွင် စစ်တက္ကသိုလ်မှာတွေ့ရစဥ်။ (မှတ်တမ်းရုပ်ပုံ/crd: YouTube)

ပြင်ဦးလွင်ကို ၁၀၇ မမ ရှော့တိုက်ဒုံးအမြောက်အများနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်တွေရှိနေတဲ့ နေရာတွေကိုသာ ဦးတည်ခဲ့တာဖြစ်ပြီး အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ပစ်မှတ်မရောက်အောင် ရှောင်လွှဲခဲ့ကြောင်း NUG သမ္မတရုံးက ဗွီအိုအေကိုပြောကြားပါတယ်။

စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်ကို တနင်္ဂနွေနေ့ည က ၄ နာရီကြာ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်မှုမှာ NUG နဲ့ PDF တွေဘက်က အရပ်သားပြည်သူတွေကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဘက် ကတော့ စွပ်စွဲထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြားစစ်ခေါင်းဆောင်တွေ သင်္ကြန် ကာလဆင်နွှဲဖို့ဆိုပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း တနင်္ဂနွေနေ့ သင်္ကြန်အကျနေ့ည ၉ နာရီခွဲကနေ မနက် ၁ နာရီခွဲထိ ရှော့တိုက်ဒုံးအမြောက်အများနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကိုပြောပါတယ်။

"ပြင်ဦးလွင်မှာ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ မရှိပါဘူး။ ကျနော်တို့ပစ်မှတ်ထားပြီး တိုက်ခိုက်တာက စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေ၊ legitimate military target တွေ၊ ဥပမာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တက္ကသိုလ်တို့၊ သူတို့ရဲ့အုပ်ချုပ်မှုကဝန်ဆောင်မှုပေးနေတဲ့ရုံးတွေ၊ နောက်တခုက အကြမ်းဖက်စစ်ခေါင်းဆောင်နေမယ်လို့ ယူဆတဲ့နေရာပေါ့နော်၊ အိမ်လို့ပဲခေါ်ခေါ်-ဘာပဲ ခေါ်ခေါ်ပေါ့နော်၊ အဲဒီပစ်မှတ်တွေကို Legitimate target တွေကို ကျနော်တို့ဦးတည်ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ။"

ဒါပေမဲ့လည်း သံဃာတော် ၂ ပါး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ NUG နဲ့ PDF တွေဘက်က အရပ်သားနဲ့ ဆေးရုံအဆောက်အအုံတွေကို ဦးတည်ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

"ပြင်ဦးလွင်မြို့ နေရာ ၇ ခုကို ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခံရပါတယ်။ အဲဒီနေရာမှာတော့ ပြင်ဦးလွင်မှာရှိတဲ့ ကျနော်တို့ ရပ်ကွက်ကြီး (၅) မှာရှိတဲ့ ....တို့၊ ဗလမင်းထင်ရပ်ကွက်တို့၊ ပြီးရင်တော့ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်အချို့မှာ ကျရောက်ပေါက်ကွဲခဲ့တာရှိပါတယ်။ ဘုန်းကြီးကျောင်းမှာတော့ ရဟန်းနှစ်ပါး ပျံလွန်တော်မူတာရှိပါတယ်။ ပြီးရင်တော့ ကလေးငယ် ပြည်သူနှစ်ယောက် ဒဏ်ရာရရှိခဲ့တာရှိတယ်။ ဒဏ်ရာရရှိသူ ၁၂ ဦးရှိပါတယ်။"

ပြင်ဦးလွင်ဒေသခံမျက်မြင်တွေဘက်က ပြောဆိုချက်မှာတော့- စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအဆောက်အအုံတွေကို ထိမှန်ပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဗွီအိုအေအနေနဲ့ သီခြားစုံစမ်း အတည်ပြုလို့မရသေးပါဘူး။ NUG ဘက်ကလည်း အရပ်သားတွေသေဆုံး ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပေမဲ့ စစ်ကောင်စီဘက် တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းရာမှာ အရပ်သားတွေကိုပါမချန်ပဲ အကန့်အသတ်မရှိ ပစ်ခတ် သတ်ဖြတ်ခဲ့တာ သက်သေအခိုင်အမာရှိနေကြောင်း ဦးကျော်ဇော်က ပြောပါတယ်။

"ကျနော်တို့တွေတိုက်ပြီဆိုရင် သူတို့တွေက လျှောက်ရမ်းသမ်းပြီးပစ်တယ်။ ကျနော်တို့တွေပစ်လို့- ရှင်းရှင်းပြောရလို့ရှိရင် ပစ်တဲ့တပ်ဖွဲ့တွေဟာ သူ့နေရာသူပြန်ရောက်သွားပြီ။ အဲဒီတော့မှ သူတို့က ရမ်းသမ်းပြီးပစ်နေတာ၊ ကြောက်လန့်ပြီးပစ်နေတာက နာရီပေါင်းများစွာ...အဲလိုမျိုးလုပ်တတ်ကြတယ်။ အထူးသဖြင့် ပြင်ဦးလွင်ဆိုလို့ရှိရင် ပိုတောင် ကြောက်သွားအုံးမယ်။ တုန်နေမှာပေါ့နော်။ စကစခေါင်းဆောင်ရှိတယ်ဆိုတာလည်း သတင်းတွေကထွက်တော့- သူတို့တွေရမ်းသမ်းပြီးပစ်တာက ပြင်ဦးလွင်တခုတည်း မဟုတ်ပါဘူး။ ရွာငံအနှံ့အပြားမှာ အဲလိုမျိုးရမ်းသမ်းပစ်တဲ့အတွက်ကြောင့် ပြည်သူတွေကိုထိခိုက်တာတွေ အမြောက်အများရှိခဲ့တယ်ဆိုတာ သာဓကလည်းရှိတယ်။"

ပြင်ဦးလွင်က စစ်ရေးအရအရေးပါတဲ့နေရာတွေကို တိုက်ခိုက်မှုမှာ ၁၀၇ မမ ရှော့တိုက်ဒုံး အစင်း ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဦးကျော်ဇော်က ဆိုပါတယ်။

"ဒရုန်းတပ်ဖွဲ့က အမြောက်အများရှိတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေမှာလည်း ဒရုန်းတပ်ဖွဲ့တွေရှိတယ်။ ဒရုန်းတွေတိုက်ခိုက်တဲ့အခါကျတော့ ဒေသအလိုက် ညှိနှိုင်းပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ နေပြည်တော်ဆိုရင်လည်း ပူးတွဲတိုက်ခိုက်တာ။ ကျနော်တို့ MOD နဲ့ စစ်ရေးခေါင်းဆောင်တွေကနေပြီးတော့ ပူးတွဲညှိနှိုင်းပြီးတော့ တိုက်ခိုက်သွားတာ။ ကျနော်ပြောချင်တာကတော့ ကျနော်တို့မှာ နည်းပညာအတိုင်းအတာတခုအထိ အဆင့်မြင့်တဲ့နည်းပညာတွေ ရှိနေပြီ။ ဒါကြောင့်လည်းပဲ နေပြည်တော်ဆိုတာ သူတို့ရဲ့ အခိုင်မာဆုံးကာကွယ်ထားတဲ့နေရာ။ ကျနော်တို့ရဲ့ drone technology ဆိုတာ ပြည်သူတွေကအထဲကနေပြီး အမှီပြုပြီးတော့ ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့လုပ်တာ၊ ဒါပေမဲ့ ကျနော်တို့က State of the art ပဲပြောပြော၊ ဘာပြောပြော သူတို့ရဲ့
Heavily guarded air defense system ကို ထိုးဖောက်ဝင်နိုင်ပြီး PDF တွေရဲ့ဒရုန်းတွေက နေပြည်တော်မှာရှိတဲ့ သူတို့ရဲ့စစ်ရုံးချုပ်တို့၊ မင်းအောင်လှိုင်ရဲ့အိမ်တို့၊ စစ်လေတပ်စခန်းတို့ကို ပစ်မှတ်ထားတဲ့အပြင် အဲဒီ target ရောက်အောင် ပစ်ခတ်တိုက်ခိုက်နိုင်တယ်။"

လက်ရှိ NUG အစိုးရနဲ့ မဟာမိတ်အဖွဲ့တွေအသုံးပြုနေတဲ့ အဆင့်မြင့် ဒရုန်းနည်းပညာတွေဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Gen Z လူငယ်တွေရဲ့ တီထွင် စွန့်စားမှုတွေကြောင့်လည်း အများကြီးတိုးတက်လာခဲ့တယ်လို့ ဦးကျော်ဇော်ကပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG