သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်အမည်ခံ ပျူစောထီး


ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပြည်သူလူထုက ခုခံတိုက်ခိုက်တာကို မနှိမ်နင်းနိုင်ရင် ပြည်သူ့အချို့ကို လက်နက်တပ်ဆင်းပြီး အချင်းချင်းတိုက်ခိုက်နိုင်တဲ့ နည်းဗျူဟာကို ၁၉၄၉ ကစပြီး ဗမာအစိုးရအဆက်ဆက် ကျင့်သုံးခဲ့ပါတယ်။ ဒီနည်းနဲ့ သက်ဆိုးရှည်ခဲ့တဲ့ အစဉ်အလာကြောင့် စစ်ကောင်စီကလည်း ပြည်သူကို လက်နက်တပ်ဆင်ပြီး အချင်းချင်းတိုက်ခိုက်အောင် ကြိုးပမ်းလာပုံရပါတယ်။ လွတ်လပ်ရေးရပြီး တနှစ်အတွင်းမှာ တပ်မတော်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေပါပြီ။ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်နဲ့ ကရင်သူပုန်တို့ရဲ့ ထိုးစစ်တွေကြောင့် ဖဆပလအစိုးရဟာ ဖြစ်သလို စုထားသူတွေကို (၂) နာရီ သင်တန်းပေးပြီး စစ်တိုက်ခိုင်းခဲ့ရပါတယ်။

ဒါကြောင့် စစ်တွင်းကာလမှာ သိကျွမ်းခဲ့တဲ့ ဒေသခံလက်နက်ကိုင်တွေကို ပြန်လည်ဆက်သွယ်ပြီး အစိုးရဘက်မှာ လူများလာအောင် စည်းရုံးရပါတယ်။ အရည်အချင်းမမီလို့ ခေတ်သစ်တပ်မတော်ထဲ ဝင်ခွင့်မရတဲ့ ရဲဘော်ဟောင်း၊ အလုပ်လက်မဲ့နဲ့ လူဆိုးဓါးပြတွေကို လက်နက်ပေးပြီး စစ်ဝန်ထမ်းတပ်ကို ဖွဲ့စည်းပါတယ်။ လူဆိုးလူမိုက် ဒုစရိုက်တွေပါဝင်တဲ့ ဖဆပလရဲ့ ဝန်ထမ်းတပ်ဟာ အပုပ်အသိုးတွေကို စုစည်းထားတဲ့ မိလ္လာအိုးကြီးနဲ့ တူတယ်လို့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက သုတေသီ မေရီကယ်လဟန်ကို ၁၉၉၃ က ပြောဖူးပါတယ်။ မိလ္လာအိုးကြီးနဲ့ အပေါက်ခံရတဲ့ တော်လှန်ရေးဟာ အရှိန်သေသွားပါတယ်။

ပုန်ကန်မှု အရှိန်သေသွားတဲ့အခါမှာ အာဏာရဖဆပလအဖွဲ့ဟာ အခြေခံလူထုအဖွဲ့အစည်းတွေကို ဖွဲ့စည်းဖို့ ကြိုးပမ်းပါတယ်။ အဲဒီအခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးပြောတဲ့ စစ်ဝန်ထမ်းမိလ္လာအိုးကြီးဟာ ၁၉၅၆ ခုနှစ်မှာ ပျူစောထီးဆိုတဲ့ အမည်သစ်နဲ့ ထွက်ပေါ်လာပါတယ်။ သူပုန်နှိမ်နင်းရေး ဦးစားပေးပြီး အလျင်အမြန် စစ်သားစုဆောင်းတာကြောင့် အကျင့်ပျက် သူခိုးဂျပိုးတွေ တပ်မတော်ထဲ ရောက်လာပုံကို ၁၉၅၀ ဇူလိုင်လထုတ် စစ်ရုံးအထူးအမိန့်မှာ ဖော်ပြထားပါတယ်။ အဲဒီကတည်းက စစ်နယ်မြေမှာ အဖိုးတန်းပစ္စည်း သိမ်းယူတာတွေ၊ ဘိန်းမှောင်ခိုနဲ့ ပူးပေါင်းတာတွေ၊ မတရားလုပ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် ပုန်ကန်မှုအားနည်းပြီး အရှိန်သေသွားတာဟာ တပ်မတော်ရဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ၊ သူပုန်ဘက်က ညံ့ဖျင်းလိုသာ ဖြစ်ဖွယ်ရှိတယ်လို့ မေရီကယ်လဟန်က သုံးသပ်ပါတယ်။

ဒီလိုနာမည်ပျက်ရှိခဲ့လို့ ပျူစောထီးဆိုတဲ့အမည်ကို စစ်ကောင်စီက မသုံးတာ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ပျူစောထီးဟာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်လို ဖြစ်နေပါတယ်။ စစ်အာဏာသိမ်းပြီး မကြာမီ မတ်လ (၅) ရက်နေ့မှာ ပျူစောထီးအဖွဲ့ကို မန္တလေးမှာ လျှို့ဝှက်ဖွဲ့စည်းလိုက်တယ်လို့ ပျူစောထီး (ဗဟို) က ထုတ်ပြန်ကြေညာကြောင်း ၂၀၂၁ စက်တင်ဘာလ (၂၅) ရက်နေ့ထုတ် ဘီဘီစီသတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ ပျူစောထီးအများစုဟာ စစ်မှုထမ်းဟောင်းများနဲ့ မဘသများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သတင်းထောက်လှမ်းရေးဟာ ပျူစောထီးရဲ့ အဓိကလုပ်ငန်းတခု ဖြစ်လာပါတယ်။ ပျူစောထီးကို သတ်ဖြတ်တဲ့သတင်းနဲ့ ပျူစောထီးက သတ်ဖြတ်တဲ့သတင်းတွေကို လူမှုကွန်ရက်မှာ မကြာခဏ တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီကလည်း ပျူစောထီးနဲ့ လုံးဝပတ်သက်ခြင်း မရှိဘူးလို့ အတိအလင်း ကြေညာထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်နဲ့ ပျူစောထီးဟာ အခြေခံသဘာဝခြင်း တူညီတာမို့ သံတူကြောင်းကွဲ ဖြစ်နေပါတယ်။ ပြည်သူ့စစ် (၇၇) ဖွဲ့ကို လက်နက် (၂၀၀၀) ကျော် တပ်ဆင်ပေးထားတယ်လို့ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က နေပြည်တော်အစည်းအဝေးမှာ တင်ပြတယ်လို့ သတင်းထွက်လာတာကို ဧပြီလ (၂၈) ရက်နေ့ထုတ် Myanmar Now မှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူစစ်ကို ပျူစောထီးအဖြစ် လူသိများပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တောရွာက ဦးဝါသဝဆိုတဲ့ဘုန်းကြီး ပျူစောထီးကို ဦးဆောင်နေကြောင်း ဇွန်လ (၂၈) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းကာ အင်အား (၄၀၀၀) လောက် ရှိနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ပျူစောထီး ဖြစ်မှန်းမသိအောင်နေဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပျူစောထီးကို စစ်သင်တန်းပေးပြီး စစ်ကောင်စီတပ်နဲ့အတူ လိုက်ခိုင်းတာတွေ ရှိလာပါတယ်။ ပျူစောထီးကို လက်နက်ပေးပြီး ပြည်သူ့စစ် လုပ်နိုင်တဲ့သဘောပါ။ နွေဦးတော်လှန်ရေးကို ပြည်သူ့အင်အားသုံးပြီး တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ လွန်ခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ပျူစောထီးကို လက်နက်တပ်ဆင်ပြီး လုံခြုံရေးတပ်အနေနဲ့ စစ်တိုက်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။

ပျူစောထီးဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တခု ဖြစ်တယ်လို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရက ဆိုပါတယ်။ ဒါကြောင့် သတင်းရယူပြီး ဆန္ဒပြတဲ့ ပျူစောထီးနဲ့ လက်နက်ကိုင် ပျူစောထီးဆိုပြီး နှစ်မျိုးနှစ်စား ရှိလာပြန်ပါတယ်။ ရွာမီးရှို့ပြီး အကြမ်းဖက်တဲ့နေရာမှာ လက်နက်ကိုင်ပျူစောထီး ပါဝင်လာပါတယ်။ ခိုင်းတာလုပ်တဲ့အတွက် စစ်ကောင်စီက ဆုလာဘ် ချီးမြင့်တာမျိုးလည်း မကြာခဏ လုပ်ပါတယ်။ လွန်ခဲ့တဲ့လကပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်တပ်က သိမ်းယူထားတဲ့ ဆိုင်ကယ်အစီး (၁၃၀) ကို ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေကို ပေးကမ်းကြောင်း သတင်းဖော်ပြကြပါတယ်။

=== Unicode ===









XS
SM
MD
LG