သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်တွေ ကယ်ဆယ်နိုင်ရေး ကန် ပါဝင်ကူညီ


အင်ဒိုနီးရှားက ကယ်တင်ခဲ့တဲ့ လှေစီးပြေးဒုက္ခသည်များ
အင်ဒိုနီးရှားက ကယ်တင်ခဲ့တဲ့ လှေစီးပြေးဒုက္ခသည်များ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ထောင်နဲ့ချီရှိတဲ့ အခြေချပြောင်းရွှေ့သူတွေ ပင်လယ်ပြင်မှာမျောနေတာကို ရှာဖွေဖို့ ကြိုးပမ်းမှုမှာ အမေရိကန်စစ်တပ်က မလေးရှားအနောက်ပိုင်းမှာ ကင်းထောက်လေယာဉ်တွေ ပျံသန်းဖို့ စတင်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပြောကြားလိုက်တဲ့အကြောင်း အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအခြေချ ပြောင်းရွှေ့သူတွေ အပြည့်တင်ဆောင်လာတဲ့ စက်လှေတွေဟာ ကပ္ပလီနဲ့ ဘင်္ဂလားပင်လယ်အော်မှာ မျောနေခဲ့ကြတာ ဖြစ်ပါတယ်။ လူမှောင်ခိုကူးသူတွေကို ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက လိုက်လံ နှိပ်ကွပ်ခဲ့ရာမှာ အခုလို လူမှောင်ခိုကူးသူတွေက လှေတွေကို ပင်လယ်ပြင်မှာ စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလှေစီးပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေဟာ တိုးလာခဲ့တာဖြစ်ပါတယ်။

အခုလို ပင်လယ်ပြင်မှာ မျောနေတဲ့လှေတွေကို ဒေသတွင်းနိုင်ငံတွေအနေနဲ့ ရှာဖွေကယ်တင်နိုင်ရေးမှာ ကူညီဖို့ အမေရိကန်ပြည်ထောင်စုက ကင်းလှည့်ပျံသန်းမှုတွေ စတင်ပြုလုပ်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jeff Rathke က အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“အမေရိကန် ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ် ပျံသန်းမှုတွေကတဆင့် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ အခြေအနေတွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ အကူအညီပေးနိုင်ရေးအတွက် အမေရိကန်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သီတင်းပတ်အကုန်က မလေးရှားအစိုးရရဲ့ ပံ့ပိုးမှုနဲ့ အမေရိကန်ရေတပ် P8 အမျိုးအစား လေယာဉ်တွေဟာ ပြောင်းရွှေ့အခြေချသူတွေကို သယ်ဆောင်လာတဲ့ လှေသင်္ဘောတွေ ရှိနိုင်တဲ့နေရာကို ရှာဖွေနိုင်ဖို့နဲ့ မှတ်သားနိုင်ဖို့ ပင်လယ်ပြင်မှာ ကင်းလှည့်ပျံသန်းမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီပျံသန်းမှုတွေကရတဲ့ အချက်အလက်တွေကတဆင့် ပင်လယ်ပြင်အခြေအနေကို ပိုမို နားလည် သဘောပေါက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း အစိုးရတွေကို အကူအညီပေးဖို့ နောက်ထပ် ပျံသန်းမှုတွေလည်း ပြုလုပ်ဖို့ အမေရိကန်က အဆင်သင့်ရှိပါတယ်။”

စောစောပိုင်းကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က သက်ဆိုင်ရာကမ်းလွန်ပိုင်းအနီး ရောက်လာတဲ့ မျောနေတဲ့ ဒီလှေတွေကို ပင်လယ်ပြင်ကို ပြန်ဆွဲထုတ်ခဲ့ကြတာဖြစ်လို့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ကြရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့သီတင်းပတ်က အင်ဒိုနီးရှားနဲ့ မလေးရှားတို့က လှေမျောဒုက္ခသည်တွေကို ဌာနေကို ပြန်မပို့မီ ဒါမှမဟုတ် တခြားနေရာမှာ ပြန်လည်အခြေချမချမီ ယာယီ လက်ခံထားကြမယ်လို့ ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို သဘောထား ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အမေရိကန်က ကြိုဆိုတဲ့အကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Rathke က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“မလေးရှားနဲ့ အင်ဒိုနီးရှားတို့အနေနဲ့ ပြောင်းရွှေ့အခြေချသူ ၇၀၀၀ ကို လက်ခံ သဘောတူခဲ့တယ် ဆိုတာကို အမေရိကန်က လက်ခံကြိုဆိုပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာ မျောနေသူတွေကိုလည်း ရှာဖွေကယ်ဆယ်ဖို့အတွက် မလေးရှားနိုင်ငံက ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အတွက်လည်း ဝမ်းသာပါတယ်။”

ဒီပြောင်းရွှေ့အခြေချဖို့အတွက် ကြိုးပမ်းသူတွေဟာ မြန်မာနိုင်ငံက အစိုးရရဲ့ ဖိနှိပ်မှုအောက် လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲမွဲတေမှု ဘဝကနေ လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့ ဘင်္ဂါလီတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အခုလာမယ့် သောကြာနေ့မှာတော့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ တွေ့ဆုံကြပြီး၊ ဒီလူသားချင်းစာနာမှု ပဋိပက္ခအရေး ဝိုင်းဝန်းဖြေရှင်းကြဖို့ရှိပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုတော့ လူဦးရေ၊ ဒုက္ခသည်များနဲ့ ပြောင်းရွှေ့အခြေချမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne C. Richard က ဦးဆောင်မှာဖြစ်ပါတယ်။

အခုလို လှေစီးပြေးဒုက္ခသည်ပြဿနာကို နိုင်ငံတကာက ဦးဆောင်ဖြေရှင်းမှုမှာ ပါဝင်ကြဖို့ကိုလည်း ပြောခွင့်ရ Rathke က တိုက်တွန်းခဲ့ပါတယ်။

“ကျနော် နောက်ဆုံးပြောချင်တာက နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက ထောက်ခံကြဖို့နဲ့ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံက တာဝန်ယူကျင်းပမယ့် မေလ ၂၉ ရက် ညီလာခံကို တက်ရောက်ကြဖို့ တိုက်တွန်းပါတယ်။”

မလေးရှားအာဏာပိုင်တွေအနေနဲ့ အင်္ဂါနေ့က ထိုင်းနယ်စပ်အနီး မလေးရှားမြောက်ပိုင်းဒေသမှာ ပြောင်းရွှေ့အခြေချသူတွေရဲ့ အလောင်းတွေ မြှုပ်နှံထားတယ်လို့ ယူဆရတဲ့ နေရာ ၁၃၉ နေရာကို တွေ့ရှိခဲ့ပြီး၊ အလောင်းတွေကို ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ပြန်လည် တူးဖော်ခဲ့ပါတယ်။ ဒါ့အပြင် မေလ ၁၁ ရက်နဲ့ ၂၃ ရက်နေ့ကြားမှာလည်း တောတောင်ထူထပ်တဲ့ ဒေသတွေမှာ လူမှောင်ခိုကူးတဲ့ စခန်းပေါင်း ၂၈ ခုတို့ကို မလေးရှားအာဏာပိုင်တွေက တွေ့ရှိခဲ့ပြီး၊ အကြီးဆုံးစခန်းမှာဆိုရင် လူ ၃၀၀ အထိ ထိန်းသိမ်းထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်း ထိုင်းအာဏာပိုင်တွေအနေနဲ့ လူမှောင်ခိုကူးတဲ့စခန်းတွေနဲ့ အလောင်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ နေရာတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

အခုလို လှေစီးပြေးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မလေးရှားနဲ့ ထိုင်းအာဏာပိုင်တွေဟာ ဒီပြဿနာကို မျက်ကွယ်ပြုထားတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီစခန်းတွေဟာ အဂတိလိုက်စားတဲ့ အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုကို ပြသတဲ့သက်သေဖြစ်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG