သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးမျှတဖို့ ဝန်ကြီး Yellen တရုတ်မှာ ဆွေးနွေး


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng

တရုတ်နိုင်ငံရဲ့ စီးပွားရေးပုံစံနဲ့ပတ်သက်လို့ အမေရိကန် စိုးရိမ်တဲ့ကိစ္စတွေကို ဆွေးနွေးသွားကြဖို့ နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပိုပြီး တည်ငြိမ်မျှတတဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်လာအောင် နှစ်ဘက်အသေးစိတ် အပြန်အလှန် အမြင်ခြင်းဖလှယ်သွားကြဖို့ သဘောတူခဲ့တယ်လို့ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng နဲ့ Guangzhou မြို့မှာ ၂ ရက်ကြာ အသေးစိတ် ဆွေးနွေးကြပြီးတဲ့နောက် ဝန်ကြီး Yellen က ပြောကြားလိုက်တာပါ။ ၂ နိုင်ငံ ဘဏ္ဍာရေးစနစ်တွေမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ်က လျှပ်စစ်ကားအမြောက်အများ ထုတ်လုပ်နေတာအပါအဝင် ဈေးကွက်ထဲကို ကုန်ပစ္စည်းတွေ လှိမ့်သွင်းနေတာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က တရုတ်ခရီးစဉ်အတွင်း တောက်လျှောက်ပြောကြားနေပါတယ်။ ဈေးကွက်ထဲမှာ တရုတ်ပစ္စည်းတွေ အဆမတန်များနေကြောင့် အမေရိကန် လုပ်ငန်းတွေသာမက တခြားနိုင်ငံတွေအနေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ ခက်ခဲနေတဲ့အပေါ် အမေရိကန်က စိုးရိမ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်က တရုတ်စက်ရုံလုပ်ငန်းမြို့ဖြစ်တဲ့ Guangzhou (ကွမ်းကျို့) မြို့မှာ အမေရိကန်လုပ်ငန်းတွေနဲ့ တွေ့ဆုံစဉ်မှာလည်း တရုတ်ကုန်ပစ္စည်းတွေ အဆမတန်များနေတဲ့ သက်ရောက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားအပေါ် တရုတ်လုပ်ငန်းတွေ ကုန်ပစ္စည်းတွေ ရောင်းချနေတာဟာ ရုရှားစစ်ပွဲကို ပံ့ပိုးရာရောက်နေတဲ့အပေါ် အမေရိကန်ရဲ့ သဘောထားကို တရုတ်ကို ပွင့်ပွင့်လင်းလင်း ပြောကြားထားတယ်လို့ ဝန်ကြီး Yellen က ပြောပါတယ်။ ဘေဂျင်းမြို့တော်ကို ဒီနေ့ရောက်သွားတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟာ နက်ဖြန်တနင်္ဂနွေနေ့ကျရင် တရုတ်ဝန်ကြီးချုပ် Li Qiang (လီချင်း) နဲ့တွေ့ဆုံဖို့ ရှိပါတယ်။

Forum

XS
SM
MD
LG