သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

White-Card ကိုင်သူ မဲပေးခွင့် ကိစ္စ ဖွဲ့စည်းပုံခုံရုံး ညွှန်းမည်


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

ယာယီ သက်သေခံလက်မှတ် White Card ကိုင်ဆောင်သူတွေ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ သမ္မတ နဲ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့အပေါ် အငြင်းပွားမှုတွေ ဆက်ရှိနေပါတယ်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးက ဒီကနေ့မှာပဲ ဒီကိစ္စကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီလို့ အခြေခံ ဥပဒေခုံရုံးကို အမျိုးသားလွှတ်တော် က တဆင့် ဖြေရှင်းပေးဖို့ တင်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ အဖြူရောင်ကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ် ဆိုတဲ့ အချက်ကို ဆန့်ကျင် လှုပ်ရှားမှု white card campaign အဖွဲ့ကလည်း အစိုးရအဖွဲ့ကို တောင်းဆိုချက် ၂ ခုနဲ့ ဒီကိစ္စ ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ယာယီ နိုင်ငံသား လက်မှတ် ကိုင်ဆောင်သူတွေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ဒီကနေ့အထိ အငြင်းပွားမှုတွေ ဆက်ရှိနေတာပါ။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၈ ဦးရဲ့ လက်မှတ်တွေ နဲ့ဒီကနေ့ အမျိုးသားလွှတ်တော် မှာ ဒီကိစ္စ ဟာ အခြေခံ ဥပဒေနဲ့ ကွဲလွဲမှုတွေရှိနေတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ရယူလိုတယ်ဆိုပြီး တင်ပြခဲ့တဲ့ အကြောင်း ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌလည်း ဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာ အေးမောင် ပြောသွားတာပါ။

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၈ ယောက် လက်မှတ်ထိုးပြီးမှ ခုံရုံးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖွဲ့စည်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ တင်တယ်။ ရက်ပိုင်းအတွင်းမှာတော့ တစုံတခုထူးခြားမယ်လို့ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်း ခုံရုံးဆိုတဲ့ ကိစ္စမျိုးဟာ တရားရုံးချုပ် လို ပေါ့နော်။ ရှေ့နေရှေ့ရပ်တွေ နဲ့ အဆိုလွှာတို့ ဘာတို့ ပါဝါလွဲတာတို့ ဘာတို့ လုပ်ရတယ်။ ရှေ့နေတွေနဲ့တိုင်ပင်ဖို့ ရန်ကုန်ကို ဆင်းနေပါတယ်။”

မေး - ခုံရုံးရဲ့ အဆုံးအဖြတ် ကို ရယူဖို့ ဖြစ်လာပြီ။ ပြီးတော့ ရှေ့နေရှေ့ရပ်တွေ လည်း လိုလာပြီ ဆိုတော့ ဆရာတို့က ဘယ်သူတွေ နဲ့ ဆက်ဆောင်ရွက်မှာလည်း အရင်က ရော အခုလို အငြင်းပွားမှုတွေ မှာ ခုံရုံး ဆုံးဖြတ်ချက်တွေ ယူခဲ့ဖူးလား ခင်ဗျာ။

“ရန်ကုန်က ကျနော်တို့ ဦးအောင်ကျော်စိန်တို့ ဦးဗိုလ်မင်းဖြူတို့နဲ့ ညှိထားပါတယ်။ ဦးအောင်ကျော်စိန်က အတွေ့အကြုံရှိတယ်။ ကျနော်တို့ တိုင်းရင်းသားရေးရာ ဝန်ကြီးတုန်းက ခုံရုံးမှာပဲ လျောက်လဲချက်ပေးပြီးမှနိုင်ခဲ့တာ ရှိတယ်လေ။ အဲဒါလည်း ဦးအောင်ကျော်စိန်တို့ ဦးဗိုလ်မင်းဖြူတို့ ကခေါင်းဆောင်တာပါ။ ရေးတာကတော့ ဦးအောင်ကျော်စိန် နဲ့ အဖွဲ့ပေါ့။ လျှောက်လဲချက်ပေးတာက ဦးဗိုလ်မင်းဖြူပါ။ အဲ့ဒီတုန်းကလည်း စီရင်ထုံး ထွက်ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဟာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ဖြစ်တယ်လို့ သတ်မှတ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အရ အနိုင်ရခဲ့တာပါ။”

အရင် နအဖ စစ်အစိုးရ လက်ထက်တုန်းက ကလည်း အဖြူရောင် ကတ် ကိုင်ဆောင်သူတွေ ကို မဲပေးခွင့် ရှိတယ်ဆိုပြီး ဆန္ဒခံယူပွဲ ဥပဒေမှာရော၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီး လွှတ်တော် ဥပဒေတွေ မှာ ထည့်သွင်းရေးဆွဲပြီး မဲပေးခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၈ အခြေခံ ဥပဒေရဲ့ ပုဒ်မ အချို့မှာတော့ နိုင်ငံသားတွေကပဲ အချုပ်အချာ အာဏာနဲ့ ပတ်သက်တဲ့ ကိစ္စ တွေ မှာ မဲပေးခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရ လက်ထက် က ဥပဒေတွေကို လက်ရှိ အချိန်မှာ ပြင်ဆင်တဲ့ နေရာမှာ ဒီအချက် ပြန်လည် ပါဝင်လာပြီးတော့ ဖွဲ့စည်းပုံ နဲ့ ကွဲလွဲနေတယ် ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ထောက်ပြနေကြ တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းတွေ အတွင်း ဖွဲ့စည်းခဲ့တဲ့ အဖြူရောင်ကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ် ဆိုတဲ့ အချက်ကို ဆန်ကျင်လှုပ်ရှားမှု White Card Campaign အဖွဲ့ကလည်း အစိုးရ နဲ့ လွှတ်တော်က ပြန်စဉ်းစားသုံးသပ်ဖို့ အချက် ၂ ချက် နဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တောင်းဆိုခဲ့ပါတယ်။

“အဲဒီ ၂ ချက်ကတော့ ပြည်ထောင်စုအရေးကိစ္စတွင် နိုင်ငံသားဟု သက်သေခံခြင်း မရှိသူတို့၏ ဆန္ဒမဲပေးခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတင်သာမက နောက်လာမည့် မည်သည့် ရွေးကောက်ပွဲတွင်မဆိုလုံး၀ ဆန္ဒမဲပေးခွင့် မပြုရန် ကျနော်တို့က ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ဒုတိယက အဆိုပါ ယာယီ သက်သေခံ လက်မှတ် ပယ် ဖျက်ရေးတွေ့ဆုံညှိနှိုင်း အဖြေရှာမည်။ ထိုသို့တွေ့ဆုံညှိနှိုင်းရေး မရှိပါက ပြည်ထောင်စု တဝှမ်း ကန့်ကွက် လှုပ်ရှားမှုများ လုပ်သွားမည် ဖြစ်ကြောင်း ကျနော်တို့က သူတို့ကို ပြောခဲ့ပါတယ်။ ဒီ ၂ ချက်ကိုပဲ အဓိကထား ပြောတာပါ ခင်ဗျား။”

White Card Campaign အဖွဲ့မှာ ပါဝင်တဲ့ ကိုညီညီမောင် ပြောသွားတာပါ။ ဒီအဖွဲ့မှာ ရခိုင်တိုင်းရင်းသား ကိုညီညီမောင် အပါအဝင် အခြား တိုင်းရင်းသား ၃ ဦးနဲ့ ဆရာတော် ဦးဝီရသူ၊ မဘသ ဦးဆောင်ဆရာတော် အပါအဝင် လူပုဂ္ဂိုလ် ၄ ဦး၊ သံဃာတော် ၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

White Card Campaign အဖွဲ့နဲ့ အစိုးရ အဖွဲ့က သာသနာရေးဝန်ကြီး ဦးစိုးဝင်း၊ သမ္မတ ရုံးဒုဝန်ကြီး တဦး နဲ့ လူဝန်မှု ကြီးကြပ်ရေးက ညွှန်ကြားရေးမှူးချုပ်တို့ မနေ့တုန်းက တွေ့ဆုံခဲ့ပြီး ဒီကိစ္စ ကို ပြန်လည် စဉ်းစားဖို့ တွေ့ဆုံ စကားပြောခဲ့ပေမဲ့ အစိုးရဘက်ကတော့ တစုံတရာ အဖြေမပေးခဲ့ဘူးလို့ ကိုညီညီမောင် က ပြောပါတယ်။

XS
SM
MD
LG