သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်ဆရာများ သမဂ္ဂဖွဲ့နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်


ရန်ကုန်တက္ကသိုလ်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံက ဆရာ၊ ဆရာမတွေ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ပြီး တက္ကသိုလ် ဆရာဆရာမများအသင်း (မြန်မာပြည်)ရဲ့ ဆရာဆရာမတွေနဲ့တွေ့ဆုံ။ ( သတင်းဓာတ်ပုံ - ကိုအောင်ပန် FB)
ရန်ကုန်တက္ကသိုလ်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံက ဆရာ၊ ဆရာမတွေ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ပြီး တက္ကသိုလ် ဆရာဆရာမများအသင်း (မြန်မာပြည်)ရဲ့ ဆရာဆရာမတွေနဲ့တွေ့ဆုံ။ ( သတင်းဓာတ်ပုံ - ကိုအောင်ပန် FB)
မြန်မာနိုင်ငံမှာ တက္ကသိုလ် ဆရာဆရာမများသမဂ္ဂအဖွဲ့ချုပ်ပေါ်ပေါက်လာဖို့ ဥပဒေအရ အတားအဆီးတွေဖြစ်နေပေမဲ့ တရားဝင် ရပ်တည် လှုပ်ရှားနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒဂုံတက္ကသိုလ် ဆရာ သမဂ္ဂ အတွင်းရေးမှုး လက်ထောက်ကထိ ဦးဇော်မျိူးလှိုင်က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် ဒီကနေ့မှာ ရန်ကုန်တက္ကသိုလ်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံက ဆရာ၊ ဆရာမတွေ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခွင့်ရခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဇော်မျိုးလှိုင်ကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

" အဓိကအချက်ကတော့ ကျနော်တို့ရဲ့ လွတ်လပ်ရေးသမိုင်းမှာ ရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ နောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်ရယ် ကို ဒီတက္ကသိုလ်ကြီး ကနေ မွေးထုတ်ပေးခဲ့ တဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တဲ့အတွက် ဒီတက္ကသိုလ်ကြီးကို သူတို့မြန်မာပြည်ရောက်တဲ့ အချိန်မှာ ရန်ကုန်ရောက်တဲ့အချိန်မှာ လာလည်ချင်တာ။


နောက်တချက်က ကျနော်တို့ ဒီမှာ ဆရာသမဂ္ဂတွေ ဖွဲ့ထားပြီဆိုတော့ ဆရာသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေ ရယ် နောက်နောင် ပညာရေးဆွေးနွေးပွဲ၊ ဖလှယ်ပွဲတွေမှာ ကျျနော်တို့ အဆက်အသွယ်ရချင်လို့၊ လူချင်း စတွေ့ကြတဲ့ သဘောပါ။"

တွေ့ဆုံတဲ့နေရာမှာ အခက်အခဲတချို့ ရှိခဲ့တယ် လို့ ဦးဇော်မျိုးလှိုင် က ပြောပြပါတယ်။

"ကျနော်တို့ တက္ကသိုလ်ဆရာအသင်းတွေမှာ အသင်းရုံးခန်း ရှိတယ်။ တချိန်တုန်းက ရှိခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ UPAကလပ်ဆိုတာ ရှိခဲ့တယ်။ အဲ့ဒီ့နေရာကိုလည်း ကျနော်တို့က အခု ပြန်တောင်းပေမဲ့ မရခဲ့ဘူးခင်ဗျ။ မရတော့ ကျနော်တို့မှာ ဒီဧည့်သည်တွေကို လမ်းပေါ်မှာပဲ ဧည့်ခံလိုက်ရတယ်။ တွေ့ဆုံ လိုက်ရတယ်။ အလုပ်သမားဥပဒေအရ ဆရာသမဂ္ဂတွေကို ဖွဲ့စည်းနိုင်ခဲ့ပေမဲ့ တက္ကသိုလ်ကျောင်းအာဏာပိုင်တွေက ကျနော်တို့ ဆရာအသင်းတွေကို ဆရာသမဂ္ဂတွေကို လုံးဝ အသိအမှတ်မပြုပါဘူး။ မပြုတဲ့အတွက် ကျနော်တို့မှာ ဒီ ပညာရေးပြုပြင်ပြောင်းလဲမှု တိုးတက်စေချင်တဲ့ စေတနာ တခုတည်းနဲ့ ကျနော်တို့ ရပ်တည်နေရတာ ဆိုတော့ ကျနော်တို့ ဧည့်ဝတ်မကျေခဲ့နိုင်လိုက်ဘူးပေါ့ဗျာ။"

ဆက်ပြီးတော့လည်း တက္ကသိုလ်ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဖြစ်လာဖို့ ဥပဒေအရ အခက်အခဲတွေ ရှိနေတယ်လို့ အခုလိုရှင်းပြပါတယ်။

"အခု ကျျနော်တို့ လက်ရှိဖွဲ့ထားတဲ့ အနေအထားဆိုရင် အလုပ်သမား ဥပဒေအရဆိုရင် ကျနော်တို့ ဟို သဘောၤသားများ ဆိုရင် သူ့မှာ နယ်ပယ်အကန့်အသတ် ခက်ခဲတဲ့အတွက် တခါတည်း တိုက်ရိုက် ဖက်ဒရေးရှင်းအဆင့်ကို ဖွဲ့နိုင်တယ်ဆိုပြီး ဥပဒေက ခွင့်ပြုထားတယ်။

ဥပမာ ကျနော်တို့ တက္ကသိုလ်ဆရာတွေကျတော့ တက္ကသိုလ်ဆိုတာ တမြို့နယ်မှာ အလွန်ဆုံးရှိ တစ်ကျောင်းပေါ့ခင်ဗျာ။ ဥပမာ ကျနော်တို့ ဒဂုံ အရှေ့ပိုင်းမြို့နယ်မှာဆိုရင် ကျနော်တို့ ဒဂုံတက္ကသိုလ်တစ်ခုတည်းရှိတယ်။ ဒီလိုပဲ သန်လျင်မြို့နယ်မှာဆိုရင်လည်း အရှေ့ပိုင်းတက္ကသိုလ်တခုတည်း အဲ့တော့ တက္ကသိုလ်ရှိတဲ့အဖွဲ့တဖွဲ့က တခြားအဖွဲ့နဲ့ပေါင်းဖို့ရာဆိုတာက တမြို့နယ်တည်းမှာ အရင်ဆုံး မြို့နယ်အဖွဲ့ ဖွဲ့မယ်ဆိုတော့ ကျနော်တို့က ဒီတဖွဲ့ပဲရှိတော့ ဘယ်လို မှ တခြားအသင်းနဲ့ပေါင်းစပ်စရာ အကြောင်းမရှိတော့ဘူး။ ဆိုတော့ ကျနော်တို့က မြို့နယ် အဆင့်အဖွဲ့လည်း မရောက်၊ မြို့နယ်အဆင့်အဖွဲ့လည်း မရောက်တဲ့ အတွက် မြို့နယ် အချင်းချင်းပေါင်းလို့ကလည်း ဆက်ပြီးပေါင်းလို့ မရတော့တဲ့အတွက် ဥပဒေရဲ့ အားနည်းချက် တွေကြောင့် ကျနော်တို့က ရုတ်တရက် လက်ရှိအနေအထားမှာ ပေါင်းဖို့ ခက်နေတာပေါ့။

ဥပဒေ အချက်အလက်တွေလည်း မပြင်နိုင်သေးရင်လည်း ကျနော်တို့ မတတ်သာပါဘူး။ ကျနော်တို့ ဖမ်းရင်လည်းခံမှာပါ။ လာမယ့် ကျောင်းဖွင့်ရာသီမှာ ကျနော်တို့ ဖက်ဒရေးရှင်း အဆင့်ရောက်အောင် ကျနော်တို့နည်း ကျနော်တို့ ဟန်နဲ့ ကြိုးစားမှာပါ။ ဥပဒေပါ အချက်အလက်တွေကို ချိုးဖောက်လို့ ကျနော်တို့ ဖက်ဒရေးရှင်းဖွဲ့တာဟာ တရားမဝင်ဘူးဆိုရင်လည်း ကျနော်တို့ ခံပါမယ်။ ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားမှာပါ။ ဒီအတိုင်းပဲ ကျနော်တို့ တနိုင်လုံးအဆင့်အထိ ရောက်အောင် ကြိုးစားမှာပါ။ "

မေး။ ။ ဆရာတို့ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အသင်းအဖွဲ့တွေ ကနေပြီးတော့ ဖက်ဒရေးရှင်းအဖွဲ့ကြီးတခုဖြစ်လာရမယ့်ကိစ္စ ဘယ်လောက် အထိ အရေးပါမလဲ။ ဘယ်လိုအကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်မလဲရှင့်။

"ကျနော်တို့ လက်ရှိဆိုရင် သင်္ကြန်မတိုင်ခင်ပြီးသွားတဲ့ လွှတ်တော် မှာဆိုရင် အမျိုးသားပညာရေးဥပဒေကြမ်း ဆိုတာကို ပြည်သူ့လွှတ်တော်ကနေ အတည်ပြုလိုက်တယ်။ အဲ့ဒီ့အထဲမှာဆိုရင် ကျောင်းသားတွေ၊ ဆရာတွေ၊ အဓိက State Holders တွေရဲ့ ဆန္ဒ လုံးဝ ခံယူခြင်း မရှိပဲနဲ့ ဒီဥပဒေကြမ်းကြီးကို အတင်း အတည်ပြုခဲ့တယ်။ ဒီဥပဒေကြမ်းကြီးဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အနာဂတ်တခုပဲဗျ။ ဘာဖြစ်လို့ ဒီဥပဒေကို ကျနော်တို့ ဆရာသမဂ္ဂတွေ ကန့်ကွက်ခဲ့ရတယ်။ ဘာကြောင့် ကန့်ကွက်ခဲ့လဲဆိုတော့ အမျိုးသားပညာရေး ကောင်စီဆိုတာချည်း ပါနေတယ်။ ဒီဥပဒေထဲမှာ။ အမျိုးသား ပညာရေးကောင်စီရဲ့ ဥက္ကဋ္ဌရာထူးကို ဒုသမ္မတ တစ်ဦး ဦးလို့ သူတို့က သတ်မှတ်ထားပြီးတော့ အဖွဲ့ဝင်တွေက ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးများ ဖြစ်ပါတယ်။

အဲ့တော့ ဒီလိုဝန်ကြီးတွေက ကျနော်တို့ရဲ့ ပညာရေးအပေါ်မှာ အမျိုးသား ပညာရေးကာင်စီ ဆိုပြီးတော့ လာပြီး အုပ်မိုးထားမယ်ဆိုရင် ပညာရေး လွတ်လပ်ခွင့် လုံးဝ မရနိုင်တော့ပါဘူး။ အဲ့လိုမရနိုင်တော့ဘူး ဆိုရင် ခေတ်အဆက်ဆက် အစိုးရကနေပြီးတော့ လွှမ်းမိုးခဲ့တဲ့အတွက် ကျနော်တို့ ပညာရေး နိမ့်ကျနေတာဟာ ကမ္ဘာနဲ့ယှဉ်လိုက်ရင် အင်မတန် ရှက်ဖွယ်ကောင်းအောင် နိမ့်ကျနေပြီ ဆိုတာလည်း အားလုံးအသိပဲ။ အနှေးနဲ့အမြန်ဆိုသလို ကျနော်တို့ တိုင်းပြည် နိမ့်ကျနေတဲ့ စီးပွားရေး၊ လူမှုရေးတွေကို ပညာရေးကနေ ပံ့ပိုးပေးပြီးတော့ တိုးတက်ဖြစ်ထွန်းအောင် ပံ့ပိုးတဲ့နေရာမှာ ကျနော်တို့ကနေ တတပ် တအား ပါဝင်နိုင် မှာဖြစ်ပါတယ်။ အဲ့တာကြောင့် ကျနော်တို့ ဆရာတွေ အားကောင်းဖို့ဆိုတာ တိုင်းပြည် အားကောင်းဖို့ပဲ ဖြစ်ပါတယ်ခင်ဗျ။

ဒဂုံတက္ကသိုလ်ဆရာသမဂ္ဂအတွင်းရေးမှုး လက်ထောက်ကထိ ဦးဇော်မျိူးလှိုင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG