သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နှစ်ကြာစစ်မှာ ရုရှားစစ်အင်အား ၄ သိန်းကျော်ဆုံးရှုံးကြောင်း ယူကရိန်းစစ်တပ်ထုတ်ပြန်


ရုရှားစစ်တပ်
ရုရှားစစ်တပ်

ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄၀၉,၈၂၀ ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ယောက် ဆုံးရှုံးခဲ့ကြောင်းလည်း Facebook လူမှုကွန်ရက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားက တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ယူကရိန်းနိုင်ငံ နေရာတော်တော်များများကို ပစ်ခတ်ခဲ့တဲ့ ရုရှားတပ်တွေရဲ့ အဝေးထိန်း ဒရုန်း ၁၈ ခုအနက် ၁၆ ခုကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်းလည်း ယူကရိန်း လေတပ်က ပြောပါတယ်။

ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့်အဖြစ် ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ မနေ့က မိန့်ခွန်းမှာတော့ ယူကရိန်းကို ထောက်ခံအားပေးသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။ ဒီလို ထောက်ခံမှုတွေကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေရော၊ အိမ်နီးချင်းနိုင်ငံတွေပါ ရုရှားရဲ့ လက်အောက်ခံဖြစ်လာမှာမဟုတ်ဘူးလို့ ခံစားရကြောင်း သမ္မတ Zelenskyy ကပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားတို့ စတင်ကျူးကျော်ခဲ့တဲ့ယူကရိန်းနိုင်ငံ Hostomel လေယာဉ်ကွင်းမှာ ပြောကြားတဲ့ မိန့်ခွန်းမှာပဲ ရက်ပေါင်း ၇၃၀ ရှိလာပြီဖြစ်တဲ့ စစ်ပွဲမှာ ယူကရိန်း လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG