သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း မကြာခင် ထုတ်ပြန်မည်


လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးစိစစ်မှု ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်သွားပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေက အပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြန်ပြီး အယူခံ ဝင်နေတာတွေ ရှိနေတဲ့အတွက် နောက်ဆုံးအဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းအပြည့်အစုံကို မကြာခင်မှာထုတ်ပြန်နိုင်တော့မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာထားတဲ့၂၀၁၅ ရွေးကောက်ပွဲ အတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းလွှာ တင်လာသူ ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ကို သြဂုတ်လ ၁၈ ရက်နေ့ကနေစလို့ သြဂုတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား အပြီးသတ် စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလက်ရှိ နောက်ဆုံးစိစစ်စစ်ဆေးမှုရဲ့အခြေအနေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင်က ပြောပါတယ်။

“စိစစ်တာတော့ ပြီးသွားပြီ။ အောက်ကတော့ အကုန်လုံးစိစစ်ပြီးပြီပေါ့။ ဘယ်နှစ်ခု (ဦး) ကန့်ကွက်တယ်။ ဘယ်နှစ်ခု (ဦး) ပယ်တယ်၊ ဘယ်နှစ်ခု (ဦး) အယူခံတက်တယ်တွေကတော့ တစ်ရက် နှစ်ရက်အတွင်းတော့ သိရတော့မှာပေါ့။ နောက်သုံးရက်လောက်ဆို ကြေညာချက်ထုတ်မှာပေါ့။ သို့သော်လည်းပဲ တစ်ရက် နှစ်ရက်ဆိုရင်တော့ အကြမ်းဖျင်းတာ့ ဘယ်သူတွေက အယူခံတက်နေတယ်။ ဘယ်သူကပယ်တယ်၊ ဒီလောက်တော့ ပြောလို့ရတာပေါ့နော်။ အယူခံကို (၇) ရက်အတွင်း ဝင်လို့ရတယ်။ (၇) ရက်အတွင်းကို တခါ ပြီးအောင်စစ်ရတယ်ဆိုတော့ အယူခံတက်တဲ့လူတွေကတော့ ကြေညာတဲ့အခါ မမီသေးရင် ချန်ထားရမှာပေါ့။ အယူခံတက်တာလည်း လေး-ငါး-ခြောက်ရက်- ခုနစ်ရက်ပဲ ကွာမှာပါ။ ဘယ်လောက်မှ မကွာဘူး။”

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေကနေပြီးတော့ ကိုယ်စားလှယ် ရွေးချယ်မှုဆိုင်ရာ အခုနောက်ဆုံး သတ်မှတ်ထားတဲ့ရက်အထိ စိစစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေအနက် ကိုယ်စားလှယ်လောင်းအချို့ ဘာကြောင့် ပယ်ချခံခဲ့ရတယ်ဆိုတာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူဦးမြင့်နိုင်က ရှင်းပြပါတယ်။

“အကြမ်းဖျင်းတော့၊ ယေဘုယျဖြင့်တော့ သတ်မှတ်ထားတဲ့အသက်မပြည့်တာတို့၊ နိုင်ငံသား မိဘနှစ်ပါးက မမွေးတာတို့၊ နောက် မြန်မာနိုင်ငံမှာ တဆက်နဲ့တဆက်တည်း ဆယ်နှစ်မနေတာတို့။ ဒီအချက်ကလေးတွေ ယေဘုယျအားဖြင့်တော့ တွေ့ရပါတယ်။”

မဲဆန္ဒနယ်အချို့မှာ နိုင်ငံရေးပါတီအသီးသီးနဲ့ တသီးပုဂ္ဂလတွေက ကိုယ်စားပြုတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တချို့ကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချခဲ့တဲ့အပေါ် ပယ်ချခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ပယ်ချကြောင်း အကြောင်းကြားစာ လက်ခံရရှိတဲ့နေ့ကစလို့ (၇) ရက်အတွင်း ပြန်ပြီး အယူခံဝင်ခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်က ဒီတကြိမ်မှာတော့ တသီးပုဂ္ဂလအဖြစ် ပြန်ပြီး ဝင်အရွေးခံပါမယ်။ ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံသား မိဘ ၂ ဦးက မွေးဖွားသူ မဟုတ်ဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတစ်ဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က လျှောက်လွှာကို ပယ်ချခဲ့တဲ့အပေါ် အယူခံဝင်ထားပြီး အခု စစ်ဆေးခံတော့မှာဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေကို လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကအခုလိုပြောပါတယ်။

“သြဂုတ်လ ၃၁ ရက် ဖိုင်နယ်……ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပဏာမ ပထမစိစစ်တဲ့ဟာကိုပဲ သူက ဖိုင်နယ်လို့ပြောတာ။ သက်ဆိုင်ရာ ခရိုင်ကော်မရှင်က ဆုံးဖြတ်ချက်တခုပေးတာပေါ့နော်။ အဲဒီဆုံးဖြတ်ချက်ကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းက မကျေနပ်ဘူးဆိုရင် သူက အယူခံဝင်လို့ရတယ်၊ ခုနစ်ရက်အတွင်းမှာ။ အန်ကယ်လ်ကလည်း အန်ကယ့်ကိစ္စကို ဆုံးဖြတ်ပြီးတော့ (၇) ရက်အတွင်းမှာ အန်ကယ်လ်က အယူခံဝင် လိုက်တယ်။ အန်ကယ်လ်အယူခံဝင်တာက (၂၇) ရက်ပေ့ါနော်။ ဒီလ (၂၇) ရက်။ အဲဒါဆိုရင် အဲဒီနေ့ကနေစပြီးမှ (၇) ရက်အတွင်းကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ တခုခု အဆုံးအဖြတ်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ မနက်ဖြန် hearing လုပ်မယ်လို့ ပြောတယ်။ ဒါကြောင့်မို့လို့ အဲဒီ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာလုပ်မယ့် hearing ကိုတက်ဖို့ အခု အန်ကယ်လ်က စစ်တွေမြို့ကို ရောက်နေတာပါ။”

ကိုယ်စားလှယ်လောင်းစိစစ်မှုတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်တွေက ရွေးကောက်ပွဲ နည်းဥပဒေအရ အမည်စာရင်း တင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်နေချိန်မှာ ကော်မရှင်ရုံးတွေမှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေက စာနဲ့ တာဝန်လွှဲအပ်ထားသူတွေက လာရောက် စစ်ဆေးခံခဲ့ကြတာဖြစ်ပါတယ်။

အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး အားလုံး စုစုပေါင်း တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးရှိနေပါတယ်။ မကြာခင်မှာတော့ နောက်ဆုံးအဆင့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG