သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ အုပ်ချုပ်ရေး အပြောင်းအလဲ ချောမွေ့မှု ဂျပန် လိုလား


ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ- သတင်းဓာတ်ပုံ-
ဦးကျော်သူ- ဒီမိုဝေယံ ဂျပန်
ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ- သတင်းဓာတ်ပုံ- ဦးကျော်သူ- ဒီမိုဝေယံ ဂျပန်

ဒီမိုကရေစီစနစ် ခေတ်သစ်ပြောင်းမယ့် မြန်မာပြည် အပြောင်းအလဲကို ကြိုဆိုပြီး အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကာလ အဆင်ပြေချောမွေ့စေရေး ဂျပန်နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အမတ်တွေက လိုလားတယ်လို့ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်း နဲ့တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဂျပန်ဖက်က ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို လာရောက်ဖို့ ထပ်မံဖိတ်ခေါ်ပြီး ဂျပန်အစိုးရဘက်က မြန်မာနိုင်ငံအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံရောက်ဦးဉာဏ်ဝင်းရဲ့ခရီးစဉ် နောက်ဆုံးရသတင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ်ဖွဲ့စည်းနိုင်မယ့်အထိ ပြည်သူ့ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီ ဗဟိုခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကို ဂျပန်အစိုးရရဲ့ ဖိတ်ခေါ်ခဲ့ပြီးဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိနေချိန် ဒီကနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ အနိုင်ရပါတီ၊ အတိုက်အခံပါတီစတဲ့ နိုင်ငံရေးပါတီတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။

ဂျပန်နိုင်ငံရေးပါတီတွေဘက်က ဒီမိုကရေစီစနစ် ခေတ်သစ်ပြောင်းမယ့် မြန်မာပြည် အပြောင်းအလဲကို ကြိုဆိုပြီး အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကာလ အဆင်ပြေချောမွေ့စေရေး ဂျပန်နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အမတ်တွေက လိုလားကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း နဲ့တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အကြောင်း ဦးသန့်ဇင်ဦးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“ဒီနှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် ရုန်းကန် လှုပ်ရှားနေပြီးတော့ အခုရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက်ကြောင့် သူတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ နောက်ပြီးတော့ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဦးဆုံးဖြစ်တဲ့ အရပ်သားအစိုးရဖြစ်တဲ့အတွက်ကြောင့်လည်း သူတို့လည်း တတ်နိုင်သလောက် ဂျပန်အစိုးရကော၊ ဂျပန်ပြည်သူတွေဘက်ကကော တတ်နိုင်သလောက် မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီမယ်လို့ပြောပါတယ်”

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး နေ့လည်စာအတူစားသုံးခဲ့ပြီးတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို လာရောက်ဖို့ ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးအပြောင်းလဲ အစိုးရသစ်လက်ထက် လိုအပ်တဲ့ အကူအညီမှန်သမျှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေး သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဦးသန့်ဇင်ဦးက ပြောပါတယ်။

“နေ့ခင်းထမင်းပွဲကိုဒုတိယနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းတဲ့ ထမင်းပွဲကို နေ့လည်စာ စားပွဲကို တက်ပါတယ်။ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးတွေ့တုန်းကလည်း ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို အမြန်ဆုံးလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဆိုတဲ့အကြောင်း ၊ နောက်ပြီးတော့ ဂျပန်နိုင်ငံအစိုးရအနေနဲ့ကော တတ်နိုင်သလောက် မြန်မာပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ ဒီကအစ အသုံးပြုပြီးတော့ ODA က အစ မြန်မာနိုင်ငံ လူနေမှုဘ၀ မြှင့်တင်ရေးအတွက် တက်နိုင်သလောက် ကြိုးပမ်းဆောင်ရွက် သွားမယ် ဆိုတဲ့အကြောင်း ၊ နောက်ပြီးတော့ ဂျပန်ရင်းနှီးမြုပ်နှံမှု ပိုမိုရရှိအောင်လည်း ၊ လာအောင်လည်း သူတို့ ကြိုးပမ်းပေးမယ်ဆိုတဲ့အကြောင်း အဲဒါကို အဓိကထားပြောပါတယ်ခင်ဗျာ။”

ဂျပန်နိုင်ငံရဲ့ ဝန်ကြီးဌာနက ဝန်ကြီးအချို့၊ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ သလို မြန်မာ့ ဒီမိုကရေစီရေး အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ လွှတ်တော် အမတ်တွေနဲ့ လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း လာမယ့်အစိုးရသစ် အပြောင်းအလဲ ကာလအတွက် အဆင်ပြေစေဖို့ လိုလားကြောင်း ပြောဆို ခဲ့ကြတယ်လို့သိရပါတယ်။

“Internal Affair ၊ Minister of Internal Affair ဆိုတော့ နောက်ပြီးတော့ communication ဆက်သွယ်ရေးဝန်ကြီးဌာနရယ် ၊ နောက်ပြီးတော့ ဂျပန်အစိုးရရဲ့ secretary ပေါ့။ Cabinet ရဲ့အတွင်းရေးမှူးခေါ်မလား။ Cabinet Secretary ခေါ်လားမသိဘူး။ အဲ့တာ ကို သွားတွေ့ပါတယ်။ အဲဒါပြီးတော့မှ အောက်လွှတ်တော်အမတ်တွေ အဖွဲ့နဲ့ မြန်မာပြည်ကို ကူညီထောက်ခံပေးတဲ့ အောက် လွှတ်တော်အမတ်နဲ့ သွားတွေ့ ပါတယ်။ နောက်ပြီး အောက်လွှတ်တော် အမတ်တချို့ က မြန်မာပြည်ရွေးကောက်ပွဲ အချိန်တုန်းက ၊ ရွေးကောက်ပွဲကာလပေါ့ ၈ ရက်နေ့မှာ လာပြီးတော့ ရွေးကောက်ပွဲ အခြေအနေ ကိုလာပြီးတော့ အကဲခတ်ကြည့်တဲ့လူတွေလည်း ပါပါတယ်။ သူတို့လည်း ရွေးကောက်ပွဲ အခြေအနေကို သူတို့လည်း တစုံတခု အတိုင်းအတာ အထိ အားရကျေနပ်ကြပါတယ်လို့ပြောပါတယ်ခင်ဗျာ။”

NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းဟာ မနက်ဖြန်မှာတော့ ဂျပန်ဘဏ်လုပ်ငန်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိသလို- JICAက တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ မနေ့ တနင်္လာနေ့တုန်းကတော့ လက်ရှိ ဂျပန် စိုက်ပျိုးရေးနှင့် သစ်တော ဒုဝန်ကြီး သယ်ယူပို့ဆောင်ရေး ဒုဝန်ကြီးနဲ့ ယခင် ဂျပန် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဒုဝန်ကြီး တို့နှင့် တွေ့ဆုံခဲ့ပြီး လာမည့် အစိုးရလက်ထက် ဂျပန်နိုင်ငံမှ လယ်ယာကဏ္ဍအတွက် နည်းပညာနှင့် အကူအညီများ ပေးအပ်ကူညီမယ့် အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG