သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ပြေးသူ ထောင်ကျော်ရှိ


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ

မြဝတီမြို့မှာ ဒီနေ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာသူ ၁၀၀၀ ထက်မနည်း ရှိတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံဘက် ရောက်လာနေသူတွေကို ထိုင်းအာဏာပိုင်တွေက လက်ခံကူညီပေးနေတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံနဲ့ ကပ်နေတဲ့ မြဝတီမြို့ဘက်က ၂ နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ အောက်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် KNLA/ PDF အဖွဲ့တွေ ဒီနေ့ အစောပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့လို တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မြဝတီမြို့ခံတွေ ထိုင်နိုင်ငံဘက်ကို ထွက်ပြေးလာကြပါတယ်။ ထွက်ပြေးလာသူ စုစုပေါင်း ၁၀၀၀ ကျော်တယ်လို့ သောင်ရင်းမြစ် တဘက်ခြမ်း ထိုင်းနိုင်ငံဘက်က စစ်ဘေးရှောင်တွေကိုအကူညီပေးနေတဲ့ ဦးဇော်ထွန်းက ခုလိုပြောပါတယ်။

"သူတို့ကတော့ မြစ်ကိုဖြတ်လာတာပေါ့ ၁၂ ဂိတ်ဘက်မှာ ၃၀၀ လောက်ရှိတယ် ဆိတ်ခြံဘက် ရောက်လာကတော့ မြစ်ကိုကူးပြီး ဖြတ်လာတာကတော့ တထောင်ကျော်ရှိတယ်။ အားလုံးပေါင်း ၁၃၀၀ ကျော်တော့ရှိနေပြီ မြ၀တီမှာက ရဟတ်ယာဉ်နဲ့ မြို့ထဲကိုဝင်ပစ်တယ်။ အဲဒီတော့ လူတွေက ဟိုပြေးဒီပြေးပေါ့ ကျနော်တို့ကို အပစ်ခံရတဲ့လူတွေက ပြန်ပြောကြတယ်။

ထိုင်းနိုင်ငံဘက် ရောက်လာတဲ့ ဒုက္ခသည်တွေကို ဆိတ်ခြံနေရာမှာ ယာယီထားပေးထားပါတယ်။ မြဝတီမှာ ဖြစ်နေတဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ လူသားချင်းစာနာတဲ့ အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က X လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွဲတွေ ဖြစ်နေချိန်မှာ မြဝတီမြို့ထဲက ဝါးတော၊ ရေပူစတဲ့ နေရာတ၀ိုက်အပေါ် စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ပျက်စီးမီးလောင်ခဲ့ပါတယ်။ ရွှေစည်းစိမ်ရပ်ကွက်မှာလည်း နေအိမ်တွေ မီးလောင်လို့ ဒေသခံတွေ ထွက်ပြေးခဲ့ကြရပါတယ်။ မြဝတီမြို့က စစ်တပ်ရဲ့ မြို့စောင့်တပ် ခလရ ၂၇၅ ကို ဧပြီလ ၁၂ ရက်နေ့က ကရင် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁၀၀ ကျော် ချစ်ကြည်ရေးတံတား အမှတ် ၂ အောက်ကို ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်သားတွေကို ဒီနေ့ KNLA/ PDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်တာမှာ ဒေသခံတွေအပြောအရ ဗုံးအလုံးပေါင်း ၄၀ ထက်မနည်းရှိတယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG