သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး နေပြည်တော်မှာ သင်္ကြန်ပွဲတော်ပြင်ဆင်


MYANMAR-FESTIVAL-NEW YEAR-THINGYAN
MYANMAR-FESTIVAL-NEW YEAR-THINGYAN

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး မြို့တွေမှာ အခုနှစ် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်မှုတွေ စနေပါပြီ။ သင်္ကြန်ရေကစား မဏ္ဍပ်တွေကို စစ်ကောင်စီဘက်က စတင်ဆောက်လုပ်နေပြီး၊ မြို့တော်ခန်းမလို နေရာတွေမှာ အဓိကထားပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်ပြောပြမှာပါ။

၂၀၂၄ ခုနှစ် သင်္ကြန်အတွက် ရန်ကုန်မြို့မှာ ဆူးလေမြို့တော်ခန်းမရေကစားမဏ္ဍပ်ကို ဆောက်လုပ်ပြင်ဆင်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

"မြို့တော်ခန်းမပဲ တွေ့သေးတယ်ဗျ။ အဲတခုပဲ တွေ့တယ်။ လောလောဆယ်ကတော့ အရင်ပုံစံအတိုင်းပါပဲ။ အရင်နှစ်တွေက လမ်းလျှောက်သင်္ကြန် လုပ်ခဲ့တဲ့ နေရာတွေဘက်တော့ မတွေ့ဘူးဗျ။"

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတော်မှာ ရန်ကုန်မြို့ထဲ မြို့တော်ခန်းမ ရေကစားမဏ္ဍပ် အပါအဝင် လမ်းလျှောက်သင်္ကြန်နဲ့ မြို့နယ်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ အခြေစိုက်တဲ့ နေပြည်တော်မှာတော့ အခုနှစ် သင်္ကြန်ပွဲတော်အတွက် ဝန်ကြီးဌာနအလိုက် မဏ္ဍပ်တွေစထိုးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလိုပဲ လမ်းလျှောက်သင်္ကြန် လုပ်ဖို့ကိုလည်း ပြင်ဆင်နေပြီလို့ ပြောပါတယ်။

"ခါတိုင်းနှစ်တွေလို ခန်းမရှေ့ပဲ။ လုံခြုံရေးတွေလည်း ချထားပါတယ်။ မဏ္ဍပ်ကတော့ အခုမှ စပြီးလုပ်နေတာဆိုတော့ အရေအတွက်တော့ မသိရသေးဘူး။"

ရန်ကုန်နဲ့ နေပြည်တော် အပါအဝင် မန္တလေးမြို့မှာလည်း သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်တာတွေ စတင်နေပါပြီ။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖို့အတွက် အခွန်အခ ပေးသွင်းစရာ မလိုဘူးဆိုပြီး မတ်လကတည်းက ထုတ်ပြန်ထားပါတယ်။ အခု ဧပြီလအစပိုင်း မန္တလေးမြို့တွင်း မဏ္ဍပ်ဆောက်လုပ်နေတဲ့ နေရာတွေကို မြို့ခံတဦးက အခုလိုပြောပါတယ်။

"ဦးပိန်တံတားမှာ မဏ္ဍပ်ထိုးနေတာတော့ တွေ့တယ်ဗျ။ ပြီးတော့ New Ocean မှာလည်း မဏ္ဍပ်ထိုးနေတယ်။ နောက် စတုဒီသာတွေ ကျွေးပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ လုပ်မယ်လို့တော့ သတင်းကြားတယ်ခင်ဗျ။ လတ်တလော ကျနော့်မျက်မြင်မှာတော့ အဲဒီအပိုင်းတွေမှာပဲ တွေ့တယ်ဗျ။ တခြား ကျုံးဘေးတွေရော၊ စျေးချိုနားတဝိုက်ရော ထိုးလောက်တဲ့ အနေအထားရှိတယ်။ မဏ္ဍပ်နည်းတာ များတာပဲကွာမှာ။ မဏ္ဍပ်တွေကတော့ ထိုးကြမှာပဲ။"

သင်္ကြန်ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနဲ့ စတုဒီသာမဏ္ဍပ်တွေ ဆောက်လုပ်မယ်ဆိုရင် အခွန်အခ လုံးဝပေးသွင်းစရာမလိုဘဲ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားဖို့ကို မန္တလေးစည်ပင် ကော်မတီက ထုတ်ပြန်ထားတာပါ။ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့ကြီးတွေလို တခြားမြို့တွေမှာလည်း ဌာနဆိုင်ရာအလိုက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်တာတွေ ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

Forum

XS
SM
MD
LG