သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့မှာ တိုက်ပွဲ ငြိမ်သက်


မဲဆောက်မြို့မှ မြန်မာဘက်အခြမ်း မြဝတီမြို့ကို လှမ်းတွေ့ရစဉ် (ဧပြီ ၁၂၊၂၀၂၄)
မဲဆောက်မြို့မှ မြန်မာဘက်အခြမ်း မြဝတီမြို့ကို လှမ်းတွေ့ရစဉ် (ဧပြီ ၁၂၊၂၀၂၄)

KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အခြေအနေဟာ ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ညနေပိုင်းအထိ ငြိမ်သက်နေပါတယ်။ မြဝတီမြို့မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဗုဒ္ဓဟူးနေ့က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် ကြာသပတေးနေ့အထိ ၂ ဘက် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ နယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၂) အောက်မှာ ထွက်ပြေးခိုလှုံနေကြတဲ့ ၂၇၅ စခန်းက စစ်သား ၁၀၀ လောက်ရှိနေတဲ့ နေရာတွေကို ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

မြန်မာဘက်အခြမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ထိုင်းဘက်ကျော်လာမှာ စိုးရိမ်တဲ့အတွက် ဝန်ကြီးချုပ် Srettha Thavisin က နယ်စပ်ကို လုံခြုံအောင် ထိန်းသိမ်းထားဖို့ ထိုင်းစစ်တပ်ကို ညွန်ကြားချက် ထုတ်ပြန်ထားပြီး လုံခြုံရေးကို တိုးမြင့်ထားပါတယ်။

မြန်မာ ပဋိပက္ခ ထိုင်းဘက် ကူးမလာနိုင်အောင်နဲ့ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေကြောင်းပိုင်နက်ထဲ ရောက်မလာနိုင်အောင် အသေအချာလုပ်ဖို့ ထိုင်းဘက်က ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် Thavisin ထိုင်းသတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ၂ နိုင်ငံနယ်စပ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်တပ်ကို မြန်မာနိုင်ငံခြားရေးဌာနနဲ့ မြန်မာစစ်တပ်တို့နဲ့ ဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ ဧပြီလ ၁၂ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ နှစ်နိုင်ငံနယ်စပ် မဲဆောက်မြို့ကို သွားရောက်ပြီး အခြေအနေတွေကို ကိုယ်တိုင်လေ့လာခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် Thavisin ရော၊ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara တို့ကပါ လက်ရှိ မြန်မာ့ပဋိပက္ခကို တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းနေပါတယ်။ ထိုင်းလွှတ်တော်အမတ်တချို့ကတော့ မြန်မာပဋိက္ခဟာ ပြည်တွင်းရေးသက်သက်အဖြစ် သဘောထား ကိုင်တွယ်လို့ မရနိုင်တော့ဘူးလို့ ပြောကြားနေကြပါတယ်။

Forum

XS
SM
MD
LG