သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ခေါင်းဆောင် Mullah Omar သေဆုံးကြောင်း သတင်းထွက်


လူတွေ့မခံဘဲ တိမ်းရှောင်နေတဲ့ တာလီဘန် ထိပ်တန်းခေါင်းဆောင် Mullah Omar ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ပါကစ္စတန်နိုင်ငံမှာ ကွယ်လွန်သွားတာဖြစ်ကြောင်း အာဖဂန်အစိုးရ အရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

မစ္စတာ အိုမာဟာ ကရာချီမြို့ ဆေးရုံတရုံမှာ နာမကျန်းဖြစ်နေခဲ့ပြီး သံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ အဓိက ထောက်လှမ်းရေး အေဂျင်စီ ပြောခွင့် Abdul Sediqi က ပြောကြားလိုက်တာပါ။ သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် အခြေအနေအကြောင်းအပြင် သူတို့ဌာနအနေနဲ့ Omar ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီးတော့ ရရှိထားတဲ့ သတင်းအချက်အလက်ကို ဘယ်တုန်းက ရရှိခဲ့တယ် ဆိုတာကိုလည်း ထုတ်ဖော် ပြောဆိုခြင်း မရရှိပါဘူး။

သမ္မတ Ashraf Ghani ရဲ့ ရုံးကလည်း ၂၀၁၃ ခုနှစ်မှာ မစ္စတာ အိုမာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တာလီဘန်တွေကတော့ အိုမာဟာ အသက်ရှင်လျက် ရှိနေဆဲလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်ကတော့ အိုမာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ခိုင်လုံ စိတ်ချရဖွယ်ရှိတယ်၊ အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေ အနေနဲ့ သူသေဆုံးရတဲ့ အခြေအနေကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက သူသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ဘူးပေမဲ့ သူသေဆုံးတယ်ဆိုတဲ့သတင်း အခုမှ ပေါ်ထွက်လာတယ် ဆိုတာကတော့ ဘာကြောင့်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက မူလာ အစိုးရကို ဖြုတ်ချခဲ့ပြီးချိန်ကစလို့ မျက်လုံးတဖက်ကန်းနေတဲ့ တာလီဘန် လျို့ဝှက် ခေါင်းဆောင်ဟာ အာဖဂန်၊ ပါကစ္စတန် နယ်စပ်ကို တိမ်းရှောင်စဉ် အဲဒီအချိန်က နောက်ဆုံး တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။

Al-Qaida အကြမ်းဖက် အဖွဲ့နဲ့ နီးကပ်တဲ့ မဟာမိတ်တဦးဖြစ်သူ မူလာ အိုမာ သေဆုံးခြင်းဟာ သောကြာနေ့ ပြန်လည်ကျင်းပဖို့ရှိတဲ့ ဒုတိယအကျော့ တာလီဘန်၊ အာဖဂန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အရှုပ်အထွေး ဖြစ်လာနိုင်ပါတယ်။

XS
SM
MD
LG