သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ ဂုဏ်ထူးဆောင်မြို့တော်သူ ဆု စုစုနွေး လက်ခံ


အီတလီနိုင်ငံ Agrate မြို့တော်ဝန်က မစုစုနွေးကို ဂုဏ်ထူးဆောင်မြို့တော်သူဆု ချီးမြှင့်စဉ်။ (ဧပြီ ၁၀၊ ၂၀၁၄) Photo Credit- မစုစုနွေး FB
အီတလီနိုင်ငံ Agrate မြို့တော်ဝန်က မစုစုနွေးကို ဂုဏ်ထူးဆောင်မြို့တော်သူဆု ချီးမြှင့်စဉ်။ (ဧပြီ ၁၀၊ ၂၀၁၄) Photo Credit- မစုစုနွေး FB
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ မစုစုနွေးကို ၂၀၀၈ခုနှစ် ကတည်းက ပေးအပ် ထားတဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆိုကို ၂၀၁၄ခုနှစ်မှာ အီတလီနိုင်ငံ Agrate မြို့တော်ဝန်က အဲ့ဒီ့မြို့လေးမှာပဲ ကိုယ်တိုင်ပေးအပ် ချီးမြှင့်လိုက်ပြီဖြစ်ပါတယ်။ မြို့တော်သူဖြစ်လာတဲ့ မစုစုနွေးကို Agrate မြို့တော်တွင်း က ကျောင်းသူကျောင်းသားတွေ က မြန်မာ့ ဒီမိုကရေစီရေးကြိုးပမ်းလှုပ်ရှားမှု သမိုင်းတွေကို စိတ်ဝင်တစားမေးမြန်းခဲ့ကြသလို တောင်သူလယ်သမားအရေး လှုပ်ရှားသူလည်းဖြစ်တဲ့ မစုစုနွေးနဲ့ အီတလီက လယ်သမားတွေ၊ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး မြန်မာ့ လယ်သမားတွေရဲ့ လက်ရှိကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ပြီး ကူညီပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးဟာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ် တုန်းက အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂နှစ် အကျဉ်းကျခံနေရတဲ့ အချိန်မှာပဲ အီတလီနိုင်ငံ Agrate မြို့ရဲ့ ဂုဏ်ထူးဆောင်မြို့တော်သူဆုကို ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဧပြီလ၁၀ရက်နေ့မှာတော့ မြို့တော်သူ အဖြစ် မြို့တော်ဝန်ကိုယ်တိုင် အခမ်းအနားနဲ့ တရားဝင်ပေးအပ်ခဲ့ပုံကို မစုစုနွေးက အခုလိုပြောပြပါတယ်။

"Agrate မြို့တော်ဝန်ကနေပြီးတော့ မြန်မာနိုင်ငံမှာပေါ့ စစ်အာဏာရှင် စနစ်ကိုပေါ့နော် တွန်းလှန်နေတဲ့ ဒီမိုကရေစီကို လိုချင်တဲ့ အဖိနှိပ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကို သူတို့နိုင်ငံကနေပြီးတော့ ဒီ မြို့တော်သူ အဖြစ် ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်တယ်။ ထိုက်ထိုက်တန်တန် သူတို့ပေးတယ်ဆိုတာမျိုူးကို သူတို့ ရှင်းပြပါတယ်။ မြို့တော်ဝန်ကြီးနဲ့ မြို့သူမြို့သားတွေက ခမ်းခမ်းနားနားနဲ့ ကျမကို ဒီဆုကို ချီးမြှင့်ပေးတယ်ပေါ့။"

မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းလှုပ်ရှားခဲ့တဲ့ နိုင်ငံရေးူအတွေ့အကြုံတွေ သူတို့မြို့က လူငယ်တွေ၊ အခြေခံကျောင်းသားကျောင်းသူတွေနဲ့ မစုစုနွေးကို တွေ့ဆုံဆွေးနွေးစေခဲ့ပြီးတော့ ကျောင်းသူကျောင်းသားတွေက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဘယ်လိုဖိနှိပ်ခံရတယ်၊ ဘယ်လို တိုက်ပွဲဝင်ခဲ့ကြသလဲဆိုတာကို အထူးစိတ်ဝင်စား မေးမြန်းခဲ့ကြပါတယ်။
အီတလီအထက်တန်းကျောင်း ကျောင်းသူကျောင်းသားများနဲ့တွေ့ဆုံ။
အီတလီအထက်တန်းကျောင်း ကျောင်းသူကျောင်းသားများနဲ့တွေ့ဆုံ။

" ကျောင်းတိုင်း၊ ကျောင်းတိုင်းမှာ ရှိတဲ့ပေါ့နော်။ အထက်တန်းဆို အထက်တန်းကျောင်းသားတွေ အကုန်လုံးကို စုထားတယ်။ စုထားပြီးတော့ ကျမ
ဒီနိုင်ငံရေးဖြတ်သန်းမှုတွေကို ပြောပြခိုင်းတယ်။ ပြီးတော့ ကျောင်းသားတွေကို သူတို့ကပြောတယ်။ သေသေချာချာ လေးလေးနက်နက် နားထောင်ပါ။ ရင်ထဲကနေ မှတ်သားပြီးတော့ နားထောင်ပါ။ ဒါဟာ တကယ့်ကို အရေးကြီးတယ်။ သူတို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုး ကို မကြိုက်လို့ သူတို့ဒီမိုကရေစီကို ဘယ်လိုတောင်းခံပြီးတော့ သူတို့တွေ ဘယ်လိုဖိနှိပ်ခံရသလဲဆိုတာမျိုးကို ရင်ထဲကနေပြီးတော့ နားထောင်ပေးပါလို့ သူတို့ပြောတယ်။

ကျောင်းသားတွေကို ကျမရဲ့ ကိုယ်တွေ့ဖြတ်သန်းမှုတွေကို ကျမက ပြောပြတယ်။ ကျောင်းသားတွေကိုပြောပြတဲ့အချိန် အဲ့ဒီ့အချိန်မှာ ကျမတို့တွေ့ရတာ ကျမတို့နိုင်ငံရဲ့ပညာရေးစနစ်နဲ့ ဒီအီတလီနိုင်ငံက သွားနေတဲ့ ပညာရေးစနစ်က တော်တော်ကွာဟနေတာမျိုး ကျမတို့ တွေ့ရတယ်။ အဲ့ဒီ့မှာ ကလေးတွေက အကုန်လုံး မျက်လုံးတွေမှာရော၊ သူတို့ရဲ့ မျက်နှာတွေမှာပါ ဝင်းပပြီးတော့ ထက်မြက်ပြီးတော့ သူတို့သိချင်တဲ့ မေးခွန်းတွေကို ကျမတို့ကို ရဲရဲဝင့်ဝင့် ပွင့်ပွင့်လင်းလင်းနဲ့ သူတို့မေးတယ်။ ဘာကြောင့်ပေါ့နော်။ ဒီမိုကရေစီတောင်းဆိုတာကို ဘာလို့ထောင်ချတာလဲပေါ့။ ဘယ်လိုနေခဲ့ရလဲပေါ့။ အဲ့လိုမျိုးမေးခွန်းတွေ ကျမတို့ကိုမေးတယ်။"

မြန်မာနိုင်ငံတဝှမ်း တောင်သူလယ်သမားအရေးလှုပ်ရှားပေးနေတဲ့ မစုစုနွေးဟာ အီတလီက လယ်သမား အခွင့်အရေး လှုပ်ရှားသူ၊ နောက် လယ်ယာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာ့တောင်သူလယ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ လယ်သိမ်းယာသိမ်းဖြစ်နေရတဲ့ ပြဿ နာတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ မစုစုနွေးကပြောပါတယ်။
မွေးမြူရေးလုပ်ငန်းများကို လေ့လာ။
မွေးမြူရေးလုပ်ငန်းများကို လေ့လာ။

" လယ်သမားအရေး၊ အလုပ်သမားရေး လုပ်နေတာဆိုတော့ သူတို့နိုင်ငံရဲ့ စိုက်ပျိုးရေးစနစ်ပေါ့၊ တောင်သူလယ်သမားတွေရဲ့ ဘဝ ကို သူတို့နိုင်ငံအနေနဲ့သွားလဲလို့ ကျမက သူတို့ကိုပြောတဲ့အခါကျတော့ သူတို့က ကျမကို တိုက်ရိုက်ပဲပေါ့ ပထမဦးဆုံး ကျမကို စိုက်ပျိုးရေးပေါ့၊ မွေးမြူရေးနဲ့ စိုက်ပျိုးရေး အပင်တွေကို စပ်ပုံစပ်နည်းတွေ၊ စိုက်ပျိုးပုံ စိုက်ပျိုးနည်းတွေ၊ လေ့လာခွင့်တွေပေးတယ်။

ကျမတို့နိုင်ငံက စိုက်ပျိုးရေးကို အဓိက အားထားရတဲ့ နိုင်ငံဖြစ်တယ်။ အဲ့ဒီ့တော့ ကျမတို့နိုင်ငံရဲ့ စိုက်ပျိုးရေးစနစ်ပေါ့၊ လယ်သမားတွေရဲ့ ဘဝပြောင်းလဲ လာအောင် ကျမတို့ ဒီဘက်က နည်းပညာတွေနဲ့ ကျမတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျမတို့ လယ်သမားတွေအတွက် အများကြီး လုပ်ရဦးမယ်၊ ကြိုးစားရဦးမယ်ဆိုတဲ့ အသိတစ်ခုရတယ်။

ဒီဘက်မှာ ဒီလိုမျိုးတွေရှိတယ်။ ကျမတို့နိုင်ငံရဲ့ အစိုးရ အဖွဲ့အစည်းတွေ ကို ပြည်သူတွေနဲ့ တသားတည်းရှိစေချင်တယ်ဆိုတာမျိုးကို ကျမပြောသွားမှာပါ။"

ထန်းမနိုင်ကျေးရွာက မစုစုနွေးဟာ ရန်ကုန်တိုင်း၊ ကော့မှုူးမြို့နယ်တွင်း လုပ်အားပေးခိုင်းစေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို တရားစွဲဆိုရာကနေ အာဏာပိုင်တွေကို ခြိမ်းခြောက်မှုနဲ့ ထောင်ချခံရပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးရရှိရေး တက်ကြွလှုပ်ရှားသူဖြစ် ထင်ရှားလာခဲ့တာပါ။ မစုစုနွေးကို ကနေဒါနိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့က John Humphrey ဆုကို ပေးအပ်ခဲ့သလို ချက်သမ္မတနိုင်ငံက People in Need အဖွဲ့ကလည်း Homo Momini ဆုကို လက်ခံရရှိခဲ့ပါတယ်။ အခုကတော့ အီတလီနိုင်ငံ Agrate မြို့ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့တော်သူ ဆုကို သူလက်ခံရယူခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG