သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြင်ဆင်ချက် အကျဉ်းကျကျောင်းသားတွေ လက်မခံ


ဒီလ ဇွန်လ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို သာယာဝတီထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီကနေ့ ရုံးထုတ်ချိန်မှာ ပြောဆိုလိုက်ပါတယ်။

အစိုးရအနေနဲ့ လေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားလိုက်နာမှုမရှိဘဲ ပြဋ္ဌာန်း လိုက်တာ ဖြစ်တယ်လို့လည်း တရားရင်ဆိုင်နေရဆဲ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။ ဒီကနေ့ သာယာဝတီတရားရုံးတွင်းက သပိတ်မှောက် ကျောင်းသူကျောင်းသားတွေ ရဲ့ နောက်ဆုံးရသတင်းတွေကို မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ခရီးရှည်ချီတက် ဆန္ဒပြရင်း အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင်ကနေ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီလိုမျိုး ရုံးထုတ်စစ်ဆေးချိန်မှာ ပြီးခဲ့တဲ့သီတင်းပတ် ဇွန်လ ၂၅ ရက်နေ့တုန်းက သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းချက်ကို ကန့်ကွက်တယ်လို့ တရားရင်ဆိုင်နေရတဲ့ ကျောင်းသူကျောင်းသားတွေက ပြောဆိုလိုက်တဲ့အကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ ကျောင်းသားသပိတ် အထောက်အကူပြု ကော်မတီက ဦးဇော်ရမ်းက ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ်မှာ သူတို့ လုံး၀ ကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လေးပွင့်ဆိုင် သဘောတူညီချက် အဲဒီသဘောတူညီချက်တွေနဲ့ သွေဖီပြီးတော့ပေါ့နော် သွေဖီပြီးတော့ အတည်ပြုထားတာပေ့ါ။ အဲဒီတော့ သူတို့ ဒါကို မကျေနပ်ဘူး။ စိတ်မကောင်းလည်း ဖြစ်ကြတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ကလည်း အထဲမှာရောက်နေတဲ့ အခါကျတော့ အခုအချိန်ကတော့ သူတို့ မကျေနပ်ဘူးလို့ပဲ ပြောနိုင်တယ်ပေါ့။ ဘာမှ မတတ်နိုင်ဘူးပေ့ါနော်။ သူတို့ အဲဒါ ပြောပြကြပါတယ်။ သူတို့တော်တော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။”

အခုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟာ ပညာရေးဥပဒေ ပြင်ဆင်ပေးရေး ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီက ကျောင်းသား ကိုယ်စားလှယ်တွေ၊ လွှတ်တော်၊ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် NNER ရဲ့ လေးပွင့်ဆိုင် သဘောတူညီချက်နဲ့ ပေးပို့လိုက်တဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်းနဲ့ ကွဲလွဲနေတဲ့အပြင် အခုလက်ရှိ အကျဉ်းကျနေကြရချိန် ကျောင်းသားတွေရဲ့ ဆန္ဒသဘောထားကို မယူဘဲ လုပ်ဆောင်လိုက်တယ်ဆိုပြီး အထိန်းသိမ်းခံ ကျောင်းသားကျောင်းသူတွေက ကန့်ကွက်တာဖြစ်ပါတယ်။

ဒီကနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့အတူ ရှေ့လာမယ့် ရုံးချိန်းတွေနဲ့ပတ်သက်လို့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ဒီနေ့က ထုတ်တာကတော့ အာမခံတွေအပေါ်မှာ တပ်ထားတဲ့ အမှုတွေရှိသေးတယ်လေ။ အဲဒါ ၅ မှုရှိတယ်လေ။ အယူခံအမှုက ဒီကနေ့ အပြီးသတ် လျှောက်လဲချက်တင်တယ်။ နောက်ရုံးချိန်း ၇ ရက်နေ့ ချိန်းထားတယ်။ အဲမှာ အမိန့်ချမယ်။ အဲဒီဟာ အမိန့်ချပြီးမှ ဒီအမှုတွဲ အောက်ကိုဆင်းလာတဲ့ အခါကျမှ ကျမတို့ အောက်မှာကျတော့ ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်သွားရမှာပေ့ါနော်။ အမှုတွဲကြီး အောက်ကိုပြန်ဆင်းလာတဲ့ အခါကျမှ အမှုစစ်ဆေးတာတို့၊ ထပ်လျှောက်စရာ ရှိမယ်ဆိုရင်လည်း ထပ်လျှောက်ရမှာပေ့ါ။ အမှုတွဲအောက်ရောက်လာမှ လုပ်လို့ရမယ်ပေါ့။ အယူခံက ပြင်ဆင်မှု တပ်ထားတဲ့ဟာမျိုးတွေပေါ့နော်။ ကျမတို့ဆီမှာ တပ်ထားတာကတော့ ပြင်ဆင်မှုပါတယ်။ ပြစ်မှု အထွေထွေအမှု ပါတယ်ပေါ့။ အဲဒီဟာတွေကို အမိန့်ချပြီးသွားတော့မှပဲ ဆက်လုပ်လို့ရမယ်။ နောက်ထပ် သက်သေတွေ တင်ပြဖို့လည်း အများကြီးရှိပါတယ်။ နောက်ထပ် ရှေ့နေတွေလည်း အများကြီး ရှိဦးမှာပဲလေ။ အခုမှ အစပဲ ရှိသေးတယ်ပေါ့နော်။ တင်ပြမှာပေါ့။ အဲဒါတွေ အကုန်ထောက်ပြီး တင်ပြရမယ့်ဟာတွေ အများကြီးရှိပါတယ်။ ၁၅ ယောက်အတွက်ပါပဲ။ နောက်ထပ် ဆေးရုံတက်နေတဲ့ ကိုတင်ဝင်း အတွက် ဆိုတာလေး ရှိသေးတယ်။ သူ့အတွက်လေ။ သူ့အတွက်လည်း ကျမတို့ အဲဒီမှာ အာမခံနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုတခု တက်ထားတာရှိတယ်။ နောက်တခါ ကားနဲ့ ပတ်သက်ပြီးတော့လည်း အာမခံ တက်ထားတာ တခုရှိတယ်။ စုစုပေါင်း ၅ မှုရှိတယ်ပေါ့နော်။ အပေါ်မှာကလေ။”

ဒီကနေ့ ဇွန်လ ၃၀ရက်နေ့ သာယာဝတီခရိုင်မှာ တရားရုံးထုတ်တဲ့အချိန် ဝန်းရံပြည်သူ ဦးခင်လှိုင် သတိလစ်လဲကျသွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို အရေးပေါ်ဆေးကုသဖို့ ပို့ဆောင်လိုက်ရတယ်လို့ ကိုယ်တိုင် ဆေးရုံကို လိုက်လံ ပို့ဆောင်ပေးနေတဲ့ ဦးဇော်ရမ်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဥစ္စာကို အာမခံလျှောက်တယ်။ အာမခံကလည်း အခုထိ မရသေးတဲ့အခါကျတော့ ကျနော်တို့က ပြန်မသယ်စေချင်ဘူး။ ကောင်းတယ်ဆိုပြီး ပြန်သယ်သွားတာ။ အခု ဒီနေ့ ၁၁ နာရီ ၂၀ လောက်မှ ထပ်လဲကျတယ်လေ။ ရုံးထုတ်တဲ့အချိန်မှာ လဲကျသွားတဲ့အခါကျတော့ သူ့ကို သာယာဝတီဆေးရုံပို့တယ်။ သာယာဝတီဆေးရုံကနေပြီးတော့ သူ့ကို ယာယီဆေးဝါးကုသမှုလုပ်ပြီးတော့ အခု ကျနော်တို့ ရန်ကုန်ကို သယ်နေပါပြီ ကားပေါ်မှာ။”

ဦးခင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ရုံးထုတ်စဉ်ကလည်း သတိလစ်လဲကျသွားတဲ့အတွက် ဆေးရုံတင်ကုသမှုခံယူခဲ့ရပေမဲ့ အာမခံမရတဲ့အတွက် ထောင်တွင်းကို ပြန်လည်ခေါ်ဆောင်သွားတာ ခံခဲ့ရတာပါ။ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက သပိတ်မှောက် ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံပြည်သူတွေကို သုံးလကျော် သာယာဝတီအကျဉ်းထောင်အတွင်း ထိန်းသိမ်းထားစဉ်အတွင်း အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရတုန်းက ဒဏ်ရာတွေကြောင့် ကျောင်းသားအများစုဟာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ လိုအပ်နေတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေနဲ့ မိသားစုဝင်တွေကလည်း ပြောပါတယ်။

XS
SM
MD
LG