သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် တိုင်း လွှတ်တော်ဥက္ကဋ္ဌ လျထားသူတချို့ အတည်ပြုနိုင်


ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၂ ခုရဲ့ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေအတွက် NLD ပါတီက လျာထားသူတွေထဲက ထက်ဝက်ထက်မနည်းကို ဗွီအိုအေက အတည်ပြုထားနိုင်ပါပြီ။ အခုအတည်ပြုထားသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အွန်လိုင်းပေါ်မှာပြန့်နေပြီး NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက တရားဝင် အတည်ပြုမပေးသေးတဲ့ စာရင်းထဲက အတိုင်းပဲဖြစ်ပါတယ်။ ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာတော့ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေကနေ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေကို ရဖို့ ကြိုးစား ပြင်ဆင်နေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါ တယ်။

တနင်္လာနေ့မှာ တနိုင်ငံလုံးက ပြည်နယ်နဲ့တိုင်းလွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပတော့မှာပါ။ အနိုင်ရပါတီ NLD အနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌနေရာ ၁၂နေရာကို ရယူသွားဖို့စီစဉ်ထားပေမဲ့ ကျန်တဲ့နေရာ ၂ နေရာဖြစ်တဲ့ ရခိုင်နဲ့ရှမ်းမှာတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို NLD ပါတီက လျာထားတာမရှိပါဘူး။ အဲဒီ ပြည်နယ်နှစ်ခုမှာ NLD ပါတီက ဒုတိယနဲ့ တတိယ အများဆုံးပဲ အနိုင်ရထားတာကြောင့်လည်း အဲဒီနေရာ တွေကို ချန်လှပ်ထားတာပါ။

ချိပ်ပိတ်စာအိတ်တွေနဲ့ ထည့်ထားတဲ့ NLD က ရွေးချယ်လျာထားတဲ့ အမည်စာရင်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပေမယ့် ဒါနဲ့ပတ်သက်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကကော စာရင်းထဲမှာပါတဲ့ လျာထားခံရသူတွေကပါ တရားဝင် အတည်ပြုပြောဖို့ အစောပိုင်းက ငြင်းခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မနက်ပိုင်းမှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသက လွှတ်တော် ကိုယ်စားလှယ်တွေကို ဗွီအိုအေက ဆက်သွယ်အတည်ပြုတာမှာတော့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတချို့ဟာ ထွက်နေတဲ့ စာရင်းထဲက အတိုင်းဖြစ်နေတာကို တွေ့ရပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် တချို့ကတော့ တရားဝင်အတည်ပြုပေးဖို့ငြင်းကြပါတယ်။

မန္တလေးတိုင်းဒေသကြီးက NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကတော့ တနိုင်ငံလုံးအတွက် လူစာရင်းကို အတည်ပြုနိုင်ဖို့ထိ သူမသိဘူးလို့ဆိုပြီး မန္တလေးတိုင်းအတွက် အခုလိုပြောပါတယ်။

“ကျနော်တို့ မန္တလေးတိုင်းက အောင်ကျော်ဦးနဲ့ ဒေါက်တာ ခင်မောင်ဌေးပါ။ ဥက္ကဋ္ဌက ဦးအောင်ကျော်ဦး ။ တိုင်းဆိုတော့ ကျနော်တို့ တိုင်းရင်းသားမရှိဘူးလေ။ ကျနော်တို့က NLD ထဲကလူပဲ ရွေးရတာပေါ့ဗျာ။”

ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအတွက် ဗွီအိုအေက မေးမြန်းအတည်ပြုထားတာအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေအတွက် လျာထားသူတွေဟာ ထွက်ထားတဲ့စာရင်းထဲကအတိုင်းပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ နေရာတွေနဲ့ပက်သတ်ပြီး ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“ဥပဒေပြုမှုမဏ္ဍိုင် ပေါ့နော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ခွင့်ပြုတဲ့ ပါလီမန်ရဲ့ လုပ်ပိုင်ခွင့်တွေ ထဲကနေ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ ရည်မှန်းပါတယ်။ အဲဒါကြောင့်မို့လို့လဲ ပြည်နယ် ပါလီမန်ရဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ဒီနေရာတွေ ကျနော်တို့ ရခိုင်အမျိုးသားပါတီဘက်က အဆိုပြုတင်သွင်းတာ အောင်မြင်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်း ဒုတိယနေရာအများဆုံး အနိုင်ရထားပြီး ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာအများစုကို အနိုင်ရထားတာပါ။ ဒါပေမဲ့လည်း SNLD အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်က ဗွီအိုအေကိုပြောပါတယ်။

“NLD တင်ရင်ထောက်ခံဖို့ပါပဲ။ သို့သော်လည်း အခုက မနေ့ညနေကမှ NLD မတင်ဘူးဆိုတာ သိရပါတယ်။ သိရတဲ့အတွက် ကျနော်တို့ အဖွဲ့တွေအားလုံး တိုင်ပင်ပြီးတော့ ၊ မနက်ဖြန်မှာ ကိုယ်စားလှယ် ၂ ယောက်ကို ဥက္ကဋ္ဌနေရာ၊ ဒု ဥက္ကဋ္ဌနေရာ တင်မှာဖြစ်ပါတယ်။ ကျနော်သိသလောက်ကတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းပါ။ နောက်ဒုတိယတယောက်ကတော့ ဒေါ်ခင်ထားရီပါ။ သိန္နီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပါ။”

ဇန်နဝါရီလ ၈ ရက်၊ တနင်္လာနေ့မှာတော့ နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ လွှတ်တော်အစည်းအဝေးတွေကို တချိန်တည်း ကျင်းပမှာပါ။ အဲဒီလွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေကို ရွေးမှာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်နေရာတွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကို ရွေးချယ်ပြီးမှပဲ သမ္မတက ရွေးချယ် ခန့်ထားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမတ်နေရာ ၄၇၅ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၄၉၆ ဦး အနိုင်ရရှိထားပါတယ်။

XS
SM
MD
LG