သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာလုပ်ငန်း ဘာတွေ ကြုံနေရသလဲ ဂျာနယ်လစ်တွေ ဘယ်လို ရပ်တည်နေကြသလဲ


Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ရက်ပိုင်းက Frontier Myanmar မဂ္ဂဇင်းရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် နိုင်ငံသား ဂျာနယ်လစ် Danny Fenster ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ Frontier Myanmar မဂ္ဂဇင်းဟာ ပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ထားပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မဂ္ဂဇင်း တစောင်ဖြစ်သလို ကိုဗစ် ကာလအတွင်းက စပြီး အွန်လိုင်းမှာ တင်ဆက်နေတဲ့ မီဒီယာ တခုဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဒဲန်နီကို ကွာလာလမ်ပူ ကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် အာဏာပိုင်တွေဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းသွားတယ် ဆိုတာကိုတော့ မဂ္ဂဇင်း တာဝန်ရှိသူတွေကိုယ်တိုင် မသိကြသေးပါဘူး။ ရှေ့မှာလည်း အမေရိကန် နိုင်ငံသား ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် နေသန်မောင်၊ အလွတ်သတင်းထောက်တွေ ဖြစ်ကြတဲ့ ပိုလန်နိုင်ငံသား ရောဘတ်ဘိုဆီရာဂါနဲ့ ဂျပန်နိုင်ငံသား ယူကီကီ တာဇူမီတို့လည်း အဖမ်းခံခဲ့ရပြီး လက်ရှိအချိန် အမေရိကန် နိုင်ငံသား ၂ ယောက် အကျဉ်းထောင်တွင်းမှာ ရှိနေဆဲပါ။ မြန်မာ မီဒီယာတွေနဲ့ မြန်မာ ဂျာနယ်လစ်တွေရဲ့ အခြေအနေကတော့ အဲဒီထက် အများကြီး ပိုဆိုးပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာ သတင်းသမား ၈၈ ယောက် အဖမ်းခံရပြီး လက်ရှိ အချိန်ထိ သတင်းသမား ၅၂ ယောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါ။ တစ်ချို့ကိုတော့ ထောင်ချပြီးပါပြီ။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အဓိကထား လုပ်တဲ့အထဲမှာ သတင်းအမှောင်ချတာ၊ မီဒီယာတွေနဲ့ ဂျာနယ်လစ်တွေကို နှိပ်ကွပ်တာလည်း ပါဝင်ပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင် တရားဝင် ရုပ်သံနဲ့ ပုံနှိပ်မီဒီယာတွေ ဖြစ်ကြတဲ့ DVB, မဇ္ဇျိမ၊ 7 Days မီဒီယာ၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာန တို့ကို ပိတ်ပင်ခဲ့ပါတယ်။ တချို့ သတင်းမီဒီယာတိုက်တွေကို ဝင်ရောက် စီးနင်း ရှာဖွေတာ လုပ်ခဲ့ပါတယ်။ တချို့ သတင်းမီဒီယာတွေကိုတော့ ပိတ်ပင်တာ မလုပ်ပေမယ့် ပြည်တွင်း၊ ပြည်ပ သတင်းတွေ ထုတ်လွှင့်ခြင်း မပြုနိုင်အောင် အဲဒီ မီဒီယာ ကုမ္ပဏီ ခြံဝင်းတွေထဲ စစ်သားတွေ ဝင်ရောက် တပ်စွဲပြီး လုပ်ငန်းတွေကို စောင့်ကြည့်ပါတယ်။ အဲဒီထဲမှာ ဂြိုလ်တုစလောင်း ဖမ်းစက်နဲ့ ရုပ်သံဖမ်းယူနိုင်တဲ့ DTH စနစ်နဲ့ ထုတ်လွှင့်တဲ့ စကိုင်းနက် မီဒီယာ ပါဝင်ပါတယ်။
စစ်ကောင်စီဟာ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်တဲ့ မီဒီယာ ၅ ခုကို ကြေညာပေမယ့် တစ်ချို့သော မီဒီယာတွေကိုတော့ မကြေညာပဲ ဝင်ရောက် စီးနင်းပြီး မီဒီယာ သမားတွေကို ဖမ်းဆီးတာ လုပ်ပါတယ်။ အဲဒီအထဲမှာ ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် နေသန်မောင်နဲ့ မန္တလေး အခြေစိုက် VOM သတင်းဌာန တာဝန်ခံ ကိုနေလင်းတို့အပြင် နယ်တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေ၊ တိုင်းရင်းသား သတင်းဌာနတွေနဲ့ သတင်းထောက်တွေလည်း အများကြီး ပါဝင်တာ တွေ့ရပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေမှာတော့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သူတို့ အနေနဲ့ မီဒီယာတွေကို စတုတ္ထ မဏ္ဍိုင်အဖြစ် တန်ဖိုးထားပါတယ်လို့ ပြောဆိုနေရင်း အခုလို ဘက်ပေါင်းစုံက ဖိနှိပ်မှု လုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက မီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် အဲလို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုတွေ လုပ်လာတဲ့အတွက် ပိတ်ပင်ခံရတဲ့ မီဒီယာတွေရော၊ ပိတ်ပင်တယ်လို့ ကြေညာခံရခြင်း မရှိတဲ့ မီဒီယာတွေကပါ သူတို့ ရုံးခန်းတွေကို စွန့်ခွာခဲ့ကြပါတယ်။ မီဒီယာ တချို့ကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ အခြေချနိုင်အောင် ကြိုးစားပါတယ်။
တချို့ကတော့ ထိုင်းနယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဧရိယာကနေ သတင်းထုတ်လွှင့်နိုင်အောင် ကြိုးစားတာလည်း ရှိပါတယ်။ ပြည်တွင်း မီဒီယာ အများစုကြီးကတော့ အဲလို နယ်စပ် သို့မဟုတ် ထိုင်းဘက် ထွက်ပြီး လုပ်နိုင်လောက်အောင် အင်အား မရှိတဲ့အတွက် ပြည်တွင်းမှာပဲ မီဒီယာ လုပ်ငန်းကို လျှို့ဝှက်ပြီး လုပ်ကိုင်တာ တွေ့ကြရပါတယ်။
မီဒီယာတွေ အဲလို ဖြစ်ပျက်နေကြသလို၊ ဂျာနယ်လစ်တွေ အခြေအနေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ပစ်ခတ် သတ်ဖြတ်၊ ဖမ်းဆီးမှုတွေလုပ်လာချိန်ကစ သတင်းဌာနတွေဟာ သူတို့ သတင်းထောက်တွေကို အလုပ်ကနေ ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပေးကြပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်း သတင်းသမား အများစုကြီး အပါအဝင် ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေရဲ့ မီဒီယာ သမားတွေဟာ ကိုယ့်နေအိမ်တွေမှာ ကိုယ် မနေရဲပဲ အခြားနေရာတွေမှာ ရှောင်တိမ်း ပုန်းအောင်း နေကြရပါတယ်။ အကြောင်းကတော့ ရပ်ကွက်နေ ဒလန်တွေကပဲ သတင်းပေးလို့ဖြစ်ဖြစ်၊ ဧည့်စာရင်းစစ်လို့ တွေ့ရင်ဖြစ်ဖြစ် မီဒီယာသမားလို့ ဆိုလိုက်တာနဲ့ ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်တတ်၊ လုပ်နေလို့ပါပဲ။ တကယ်လို့များ အဲဒီ မီဒီယာသမားရဲ့ ကွန်ပျူတာထဲကဖြစ်စေ၊ ဖုန်းထဲကဖြစ်စေ၊ ဆန္ဒပြပွဲတွေနဲ့ အခြား အချက်အလက်နဲ့ ဓာတ်ပုံတွေကို တွေ့ရင်ပဲ အနည်းဆုံး စစ်တပ်ကို ဖြိုခွဲဖို့ ကြိုးစားအားထုတ်တယ် ဆိုတဲ့၊ ထောင် ၃ နှစ်အထိ ချနိုင်တဲ့ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားစွဲတာမျိုး လုပ်နေလို့ပါပဲ။ သတင်းထောက် တချို့ကတော့ သူတို့နေအိမ်တွေကို စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လာရောက်ပြီး သူတို့ကို မေးမြန်းရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြကြပါတယ်။ စစ်ကောင်စီဟာ သတင်းထောက် တချို့ကို သတင်းလုပ်ငန်း မလုပ်ရဲအောင်၊ ကြောက်ရွံ့သွားအောင် ခေတ္တဖမ်းဆီး၊ ခြိမ်းခြောက်ပြီးမှ ပြန်လွှတ်ပေးတာမျိုးလည်း လုပ်ပါတယ်။ တချို့ကတော့ နယ်စပ်ဘက်ကို ထွက်ပြီး သက်ဆိုင်ရာ သတင်းမီဒီယာ အလုပ်တွေ ဆက်လုပ်နေကြပါတယ်။
သတင်းမီဒီယာ သမားတွေ အနေနဲ့ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံ ဖိနှိပ်နေတဲ့ကြားထဲ နောက်ထပ် ပေါ်ပေါက်လာတဲ့ ပြသနာ တခုက အများပြည်သူရဲ့ ထင်မြင်ယူဆချက်ပါ။ စစ်ကောင်စီဟာ မီဒီယာတွေနဲ့ အွန်လိုင်းပေါ်မှာ တင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အသုံးပြုပြီး လူတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်နေတဲ့အတွက် ပြည်သူ အတော်များများဟာ ဓာတ်ပုံထဲပါမှာ၊ ဗီဒီယိုထဲ ပါမှာ မလိုလားကြပါဘူး။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူဟာ အရပ်ဝတ် ရဲလား၊ ဒလန်လား၊ မီဒီယာသမား အတုလား၊ မီဒီယာသမား စစ်စစ်လား ဝေခွဲမရတဲ့ အခြေအနေမျိုးအောက်မှာ ကင်မရာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မှတ်တမ်းတင်တာမျိုးကို ဆန့်ကျင် ကန့်ကွက်လာကြပါတယ်။ တချို့နေရာတွေမှာတော့ တုန့်ပြန် ရန်ပြုတာမျိုးတောင် တွေ့ကြရပါတယ်။ အခြားတဖက်မှာတော့ သတင်းထောက်တွေဟာ သူတို့ သတင်းထောက်ဖြစ်ကြောင်း သက်သေခံကဒ်တွေ ကိုယ်နဲ့မကွာ ဆောင်ထားခဲ့ရင် အဲဒါကို လုံခြုံရေး တပ်ဖွဲ့တွေက စစ်ဆေးလို့ တွေ့ရင် ဖမ်းဆီးခံရနိုင်တာကြောင့် သတင်းထောက် ကဒ်တွေ မဆောင်၊ ပြည်သူတွေယုံအောင် ပြစရာ မရှိ အခြေအနေမျိုး ကြုံနေကြရပါတယ်။
အဲလို ဆိုးရွားတဲ့ အခြေအနေမျိုး ကြုံနေရပေမယ့် အများစုသော မြန်မာသတင်းသမားတွေဟာ သူတို့ ပရော်ဖက်ရှင်နယ် လုပ်ငန်းတွေကို စွန့်ပစ်တာမျိုး မလုပ်ကြပါဘူး။ ပရော်ဖက်ရှင်နယ် ကင်မရာတွေကို သိမ်းဆည်း၊ ဓာတ်ပုံနဲ့ ဗီဒီယို ပုံထွက်ကောင်းတဲ့ မိုဘိုင်းဖုန်းတွေ ဝယ်ကိုင်ကြပြီး အဲဒီ ဖုန်းတွေနဲ့ သတင်းယူ၊ အလုပ်လုပ်နေကြပါတယ်။ ဒါတောင် လမ်းတွေမှာ စစ်ဆေးတတ်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲဒီ မိုဘိုင်းဖုန်းထဲက သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မြင်လိုက်ရင်ဖြင့် အဲဒီ သတင်းထောက် ဖမ်းဆီးခံရမှာ အသေအခြာပါပဲ။ လက်ရှိအနေအထားကို ကြည့်ရင် စစ်ကောင်စီကနေ သတင်းအမှောင်ချဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် ပြည်သူတွေဟာ ပုံမှန် သတင်းတွေ ရရှိနေဆဲဖြစ်တာ တွေ့နိုင်ပါတယ်။ ဒါဟာလည်း မီဒီယာတွေကို ဦးဆောင်နေသူတွေရဲ့ ကြိုးစားမှု၊ ဖမ်းဆီးခံရမယ့်ဘေး၊ အသက်သေဆုံးနိုင်တဲ့ဘေးတွေကို မငဲ့ကွက်ပဲ အန္တရာယ် အရှိဆုံး ပရော်ဖက်ရှင်နယ် လုပ်ငန်းကို မစွန့်လွှတ်ပဲ ရဲရဲဝင့်ဝင့် သတ္တိရှိရှိ လုပ်နေကြတဲ့ ဂျာနယ်လစ်တွေရဲ့ စွန့်စားမှုတွေကြောင့်သာ ဖြစ်ကြောင်းပါ။

------------------------



XS
SM
MD
LG