သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးမဏ္ဍိုင် ပြိုလဲသွားနိုင်သလား


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ဆရာဝန်များ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ဆရာဝန်များ
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြဝတီနဲ့ မြန်မာ့ရုပ်သံကနေ ထူးခြားတဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်ပါတယ်။ ကြေညာချက်ထဲမှာ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တစ်ချို့ဟာ CDM ပြုလုပ်တာ၊ အခြားသူတွေကိုလည်း CDM ပြုလုပ်ရာမှာ ပါဝင်ဖို့ လှုံ့ဆော်တာ စတာတွေ လုပ်ကိုင်နေတဲ့အတွက် အဲဒီ ဆရာဝန်တွေကို ပုဒ်မ ၅၀၅(က) နဲ့ အရေးယူထားကြောင်း၊ ဒါကြောင့် အဲလို အရေးယူထားတဲ့ ဆရာဝန်တွေကို ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်သွားမှာ ဖြစ်တဲ့အပြင် သက်ဆိုင်ရာ ဌာနတွေမှာလည်း Black List အမည်ပျက် စာရင်း ရေးသွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ အထူးကုတွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ ရွေးကောက်ခံ တည်ဆဲ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အာဏာရယူလိုက်တဲ့အပေါ် လက်မခံ၊ ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ CDM ပြုလုပ်ကြတာပါ။

ပုံမှန်အတိုင်းဆိုရင်တော့ CDM လုပ်တဲ့ ဆရာဝန်တွေဟာ အစိုးရဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ၊ နောက်ဆုံးအဆင့် ဝန်ထမ်း အဖြစ်ကနေ ထုတ်ပယ် ပြစ်လိုက်ရုံပါပဲ။ ဒါပေမယ့်လည်း စစ်ကောင်စီဟာ ဆရာဝန်တွေကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့ ကိုင်တွယ်ရုံမက ဖမ်းဆီးတာ၊ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး တိမ်းရှောင်နေသူတွေကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တာ၊ CDM လုပ်နေစဉ် အတွင်း လူနာတွေကို ကုသပေးတာကို တားမြစ်တာ၊ လက်ခံ ကုသခွင့်ပေးတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း နဲ့ ပရဟိတ ဆေးခန်းတွေကို လိုင်စင် ပိတ်သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်ရုံမက အခုနောက်ဆုံး ဆရာဝန်တွေ နိုင်ငံခြား ထွက်လို့မရအောင် နိုင်ငံကူး လက်မှတ် ပယ်ဖျက်သည် အထိ လုပ်ကိုင်လာပါပြီ။ ရှေ့ဘာ ဆက်ဖြစ်လာဦးမှာပါလဲ။


ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပွဲ ဆင်နွဲှပြီးတဲ့အခါ နောက်ပိုင်း ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီကို အတက်ကြွဆုံး ဆန့်ကျင် လှုပ်ရှားကြသူတွေထဲမှာ ဆရာဝန်တွေ ထိပ်ဆုံးက ပါဝင်တယ် ဆိုရင်လည်း မမှားပါဘူး။ သူတို့တွေဟာ CDM လို့ခေါ်တဲ့ Civil Disobedience Movement လှုပ်ရှားမှုကို ဦးဆောင် ဆင်နွဲှကြပါတယ်။ သူတို့ ရှင်းပြတဲ့ CDM သဘော အကျဉ်းချုပ်ကတော့ အလုပ်ကနေ နှုတ်ထွက်တာမျိုး မလုပ်ပဲ အာဏာပိုင်တွေရဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို မနာခံဘူး၊ ရုံးမတက်၊ လုပ်ငန်းခွင် မဝင်ဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေ ဖြစ်နေတဲ့ အားလျော်စွာ ကျန်းမာရေးအရ လိုအပ်ချက်ရှိတဲ့ ပြည်သူတွေကို ကုသပေးရတာမျိုးကိုတော့ အခြေအနေ ပေးသလို ဆက်ပြီး လုပ်ကိုင်မယ်လို့ ဆိုပါတယ်။ ဥပမာ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ် လူနာ ခွဲစိတ်ဖို့ လိုအပ်ရင်၊ CDM လုပ်ထားတဲ့ ဆရာဝန်တွေကို ပါဝင်ဖို့ ဖိတ်ခေါ်ရင် လာရောက် လုပ်ကိုင်ပေးမှာ ဖြစ်သလို၊ အခြားသော ဆေးရုံ၊ ဆေးခန်း၊ ပရဟိတ ဆေးခန်း အပါအဝင် ဘယ်နေရာတွေမှာ လိုလို ကုသမှုပေးမယ် ဆိုပြီး ဖြစ်ပါတယ်။ တကယ်လည်း ဆန္ဒပြပွဲကြီးတွေဖြစ်၊ စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာတဲ့အခါ အဲဒီ CDM ဝင်နေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေပဲ ရောက်ရာ နေရာကနေ ကုသမှုပေးခဲ့တာ၊ နောက်ပိုင်း အဲလို ကုသပေးနေတဲ့ ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်တပ်နဲ့ရဲက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အချိန်ထိ ကုသမှုတွေ ပေးခဲ့တာ တွေ့ရပါတယ်။


အရင် စစ်အာဏာရှင်တွေ လက်ထက်ကို ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍဟာ ၂၀၁၁ မတိုင်ခင် အတော်လေးကို ပျက်စီးယိုယွင်းနေခဲ့တာပါ။ ၂၀၁၁ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ အခြားသော ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နည်းတူ ကျန်းမာရေး ကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကြိုးစားပါတယ်။ ဒါဟာလည်း နဂိုတုန်းကထက် ကျန်းမာရေး ဘတ်ဂျက် နည်းနည်း တိုးပေးလိုက်တာကလွဲလို့ အခြား ထူးထူးခြားခြား အကောင်အထည် ဖော်နိုင်တာ သိပ်မတွေ့ခဲ့ရပါဘူး။

၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ထက် ရောက်မှသာ ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့သလို၊ ကက်ဘိနက်ကလည်း ကျန်းမာရေးဘတ်ဂျက် သိသိသာသာ တိုးပေးတာ တွေ့မြင်ကြရပါတယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ဘာတွေ တိုးတက်ခဲ့သလဲ မေးရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို လက်ညှိုးထိုးပြလေ့ရှိပါတယ်။


၂၀၂၀ နှစ်ဆန်းပိုင်း ကိုဗစ်-19 ကပ်ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်မှု ရှိလာခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ဝန်ကြီးဌာနဲ့ အစိုးရရဲ့ ကပ်ရောဂါ ကိုင်တွယ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပါ အသိအမှတ်ပြု ပြောဆိုတာ တွေ့ကြရပါတယ်။ ၂၀၂၀ နှစ်ကုန် ADB က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာစီယံ ၁၀ နိုင်ငံထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနှုတ်လက္ခဏာ မပြတဲ့ ၃ နိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီး စီးပွားရေး ၁.၈% တိုးတက်မှု ရခဲ့တာကို ကြည့်ရင် နိုင်ငံ့စီးပွားရေးကို သိပ်မထိခိုက်စေပဲ ကိုဗစ် ကပ်ရောဂါကို ကိုင်တွယ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို အခြေအနေ ရလာအောင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး ကြိုးစားအားထုတ်ခဲ့လို့ဖြစ်ပြီး အစိုးရဘက်က ဝိုင်းကူတာကြောင့်လဲ ပါပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်ကြီး တစ်ချို့ရဲ့ အဆိုအရ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၊ ကုသရေး ကဏ္ဍ တင်မက သုတေသန ကဏ္ဍတွေမှာပါ တိုးတက်မှုတွေ ရခဲ့တယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ထက်မှာတော့ အခြေအနေဟာ ပြောင်းလဲသွားပါပြီ။ အာဏာရှင် စနစ် ဆန့်ကျင်တဲ့ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်း ၇၅% ကျော် CDM ဝင်နေတာကြောင့် ဆေးရုံ၊ဆေးခန်းတွေ လုပ်ငန်း လည်ပတ်မှု မလုပ်နိုင်တော့ပါဘူး။ အခါအားလျော်စွာ အရေးကြီးလို့ ဆေးရုံမှာ ကုသမှု လာပေးတဲ့၊ ပြင်ပ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းနဲ့ ပရဟိတ ဆေးခန်းတွေမှာ ကုသမှုပေးတဲ့ CDM ဆရာဝန်တွေကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ အခြေအနေတွေ ပိုဆိုးသွားစေပါတယ်။ အလားတူ ကိုဗစ် ဓာတ်ခွဲ စစ်ဆေးနိုင်မှု၊ ကုသမှုနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေလည်း ကောင်းကောင်း မလည်ပတ်နိုင်တော့တာ တွေ့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက မကိုင်တွယ်နိုင်တော့တာကြောင့် ဒီကနေ့အချိန် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဘယ်လောက် ပျံ့နှံ့နေတယ်၊ ဘယ်နှစ်ယောက် ကူးစက်ခံရတယ်၊ ဘယ်နှစ်ယောက် သေဆုံးကုန်တယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်တော့ပါဘူး။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်ကတည်းက အိန္ဒိယ နိုင်ငံက ရထားတဲ့ ကိုဗစ် ကာကွယ်ဆေး ၃.၅ သန်းကိုလည်း အစီအစဉ် အတိုင်း စနစ်တကျ ထိုးနှံခြင်း မပြုနိုင်ခဲ့ပါဘူး။ အခု ဧပြီလမှာ သက်တမ်းကုန်မယ့် ကာကွယ်ဆေးတွေ မကုန်ကုန်အောင် တစ်ချို့ မြို့နယ် ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ အော်ပြီး ဆန္ဒရှိတဲ့ အသက် ၁၈ နှစ်ပြည့်သူတိုင်းကို ထိုးပေးနေတာကိုလည်း တွေ့နေရပါတယ်။


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ပညာရေး အဖက်ဖက်က ယိုယွင်းကျဆင်းသွားခဲ့သလို၊ ကျန်းမာရေးကဏ္ဍကိုလည်း ဆိုးဆိုးရွားရှား ထိခိုက်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ စစ်ကောင်စီကနေ ကျန်းမာရေးကဏ္ဍရဲ့ ထောက်တိုင်တွေ ဖြစ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို စည်းရုံးပြီး တိုင်းပြည်နဲ့ ပြည်သူအကျိုး လုပ်ရမယ့်အစား ဖမ်းဆီးတာ၊ ထောင်ချတာ၊ ဆေးကုခွင့်မပေးတာ စတဲ့ ခြိမ်းခြောက်မှု မျိုးစုံ လုပ်နေရုံမက အရင် စစ်အာဏာရှင်ခေတ်တွေတုန်းက အတိုင်း ပရော်ဖက်ရှင်နယ်နဲ့ မပတ်သက်တဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခြင်းလို နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေပါ လုပ်လာနေတဲ့အတွက် ကျန်းမာရေးမဏ္ဍိုင် ပြိုလဲမယ့် အခြေအနေ ပြန်ပြီး ဆိုက်ရောက်သွားနိုင်ကြောင်းပါ။

===================



XS
SM
MD
LG