သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေး သို့မဟုတ် ကိုဗစ်ပြသနာအတွက် နောက်ဆုံး မျှော်လင့်ချက်


A health worker receives a vaccine for the Covid-19 coronavirus at the Ayeyarwady Covid Center in Yangon on January 27, 2021. (Photo by Sai Aung Main / AFP)
A health worker receives a vaccine for the Covid-19 coronavirus at the Ayeyarwady Covid Center in Yangon on January 27, 2021. (Photo by Sai Aung Main / AFP)

မြန်မာနိုင်ငံမှာ ရှေ့လာမယ့် သီတင်း နှစ်ပတ် အတွင်း လူဦးရေ ထက်ဝက်လောက် ကိုဗစ်-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးချိန် သူက အဲလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကျန်းမာရေး စနစ် လုံး၀ ပြိုပျက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေဟာလည်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း သူက ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ပြောဆိုချက်ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ် ပြသနာ အခြေအနေတွေကို ထင်ဟပ်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံထဲက ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၊ နေ့စဉ် လူအမြောက်အများ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်စရာ နည်းလမ်း ရှိပါသေးရဲ့လား လို့ မေးစရာ ရှိလာပါတယ်။

တကယ်တော့ ကိုဗစ် ပြသနာကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ တိုင်းပြည် ခေါင်းဆောင်နဲ့ အာဏာပိုင် အဖွဲ့အစည်းရဲ့ နိုင်ငံသားတွေအပေါ် ကိုယ်က ကာကွယ်စောင့်ရှောက်ရမယ့် မိဘ ပြည်သူတွေအဖြစ် သဘောထားဖို့၊ ကိုဗစ်ကို ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ချမှတ် အကောင်အထည် ဖော်နိုင်ဖို့၊ ကိုဗစ် ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းထဲ ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီထဲက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ဆိုတာကတော့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ သံသယရှိသူတွေကို လိုအပ်သလို စစ်ဆေးပေးဖို့၊ စစ်ဆေးချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကောင်းမွန်တဲ့ ကုသမှုပေးဖို့၊ ကူးစက်ခံရသူတွေနဲ့ ထိစပ်ခဲ့သူ၊ အတူနေသူတွေကို Quarantine စင်တာတွေလို နေရာမျိုးမှာ ခွဲခြားထားဖို့ လိုအပ်မှာဖြစ်ပြီး နောက်ဆုံး အဆင့်အနေနဲ့ အရွယ်ရောက်သူတိုင်း ကာကွယ်ဆေး စနစ်တကျ ထိုးနှံခွင့်ရရှိရေး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံ အစိုးရတွေဟာ အဲဒီ လုပ်ငန်းဆောင်တာတွေ အကောင်အထည် ဖော်နိုင်အောင် အသေးစိတ် စီမံကိန်းချ၊ အစီစဉ်ရေးဆွဲ၊ အကောင်အထည်ဖော် ကြရတာမျိုးဖြစ်ပြီး တတ်နိုင်သမျှ ငွေကြေးဘတ်ဂျက်လည်း ထုတ်သုံးရပါတယ်။

လက်ရှိ စစ်ကောင်စီကတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းရဲ့ အခြေခံကျတဲ့ သံသယရှိသူတွေကို ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးပေးတာ၊ စစ်ဆေးလို့ ကူးစက်ခံရရင် ဆေးဝါး ကုသပေးတာ၊ ထိတွေ့သူ နီးစပ်သူတွေကို Quarantine စင်တာတွေမှာ ခွဲခြားထားတာမျိုးကိုတောင် အကောင်အထည် ဖော်နိုင်တာ မတွေ့ရပါဘူး။ အကျိုးဆက်ကတော့ ဗိုင်းရပ်စ်ကို လိုအပ်တဲ့ အရေအတွက် စစ်ဆေး မပေးနိုင်တာကြောင့် တကယ်လက်တွေ့ ဘယ်နှစ်ယောက် ကူးစက်ခံရတယ် မှန်မှန်ကန်ကန် မဖော်ထုတ်နိုင်တဲ့အပြင် ကုသရေး၊ နီးစပ်သူတွေကို ခွဲခြားထားရေးတွေကိုလည်း စနစ်တကျ မလုပ်နိုင်တော့ပါဘူး။

ဒါတင်မက ကိုဗစ် ကူးစက်ခံရသူတွေကို ကုသဖို့၊ ဆေးရုံနဲ့ စင်တာတွေမှာ လုံလုံလောက်လောက် ပြင်ဆင်ထားမှု မရှိတာကြောင့် ပြည်သူ အမြောက်အများဟာ ကိုယ့်နေအိမ်မှာပဲ ကိုယ်နေပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုဗစ်ကို ကုသရတဲ့ အခြေအနေ ဆိုက်ရောက် သွားစေပါတော့တယ်။ အဲဒီအတွက် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြသနာတွေကတော့ ထိရောက်မှန်ကန်တဲ့ ကုသမှု မရတာ၊ ကူးစက်ခံရတဲ့ နေအိမ်တွေနဲ့ အကူးမခံရသေးတဲ့ နေအိမ်တွေပါ ဆေးဝါး ရှာဖွေမှု၊ စုဆောင်းမှု၊ အောက်စီဂျင်၊ အိုး နဲ့ Oxygen Concentrator တွေ ဝယ်ယူမှု၊ စုဆောင်းမှုတွေကြောင့် ဆေးဝါး၊ အောက်စီဂျင်နဲ့ အသက်ရှူစက် ရှားပါး၊ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်တာနဲ့ အတူ နောက်ဆုံး လူအများအပြား သေဆုံးမှုတွေ ဖြစ်ပေါ်လာရတော့တာပါပဲ။
လက်ရှိ ကမ္ဘာပေါ်က ကိုဗစ် အကူးစက်ခံရဆုံးလို့ ဆိုတဲ့ နိုင်ငံကြီးတွေတောင်မှ ကိုဗစ်ကြောင့် တစ်နေ့ လူ တစ်ထောင်ကျော် သေဆုံးရမှု အလွန်နည်းပါတယ်။ ဒါပေမယ့် ဇူလိုင် ဒုတိယ အပတ်ကစ မြန်မာနိုင်ငံ ရန်ကုန် တစ်မြို့ထဲမှာတင် ကိုဗစ်ကြောင့် သေဆုံးသူ လူ ၁၀၀၀ ကျော်ရှိနေသလို၊ စစ်ကောင်စီဘက်က လူသေအလောင်းတွေ မီးသဂြိုလ်မှု အဆင်ပြေအောင် တစ်နေ့ အလောင်းပေါင်း ၃၀၀၀ လောက် သဂြိုလ်နိုင်သည်အထိ မီးသဂြိုလ်စက်ကို အမြန် တိုးချဲ့ တည်ဆောက် နေတာကိုကြည့်ရင် ကိုဗစ်ကြောင့် လူသေဆုံးမှု ဘယ်လောက် များနေပြီလဲ ခန့်မှန်းနိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ ကိုဗစ် ပြသနာကို ဒီထက် ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်ရေး စစ်ကောင်စီဘက်က ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ ဆေးကုသခွင့် ပိတ်ပင်၊ ဖမ်းဝရမ်းထုတ်ထားတာတွေကို ပယ်ဖျက်ပေးဖို့၊ ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဗော်လံတီယာတွေရဲ့ ကိုဗစ် ကုသရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ အကူအညီပေးရေး ပရဟိတ လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် လမ်းဖွင့်ပေးဖို့ စတာတွေ ဖြေလျော့ပေးဖို့ မမြင် မတွေ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်ပြသနာကို ရင်ဆိုင်ရာမှာ ကာကွယ်၊ ထိန်းသိမ်း၊ ကုသရေး လုပ်ငန်းတွေအပေါ် သိပ်ပြီး မျှော်လင့်လို့ မရတာ တဖြေးဖြေး ထင်ရှားလာစေပါတယ်။ ဒီအတွက် ကိုဗစ် ပြသနာကို ကျော်လွှားနိုင်မယ့် နောက်ဆုံး မျှော်လင့်ချက် တစ်ခုကတော့ အရွယ်ရောက်သူတိုင်း ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းစဉ်ကြီးပဲ ကျန်ရှိပါတော့တယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ၊ တနည်းအားဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးရမယ့်သူ ၃၈ ဒသမ ၃ သန်းဝန်းကျင် ရှိပြီး လူတစ်ယောက် ကိုဗစ်ဆေး ၂ ကြိမ်ထိုးရမှာနဲ့ တွက်ရင် ကာကွယ်ဆေး ၇၇ သန်းဝန်းကျင် လိုအပ်ပါလိမ့်မယ်။ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ မဖြစ်ခင်၊ အရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ အများပြည်သူက ကာကွယ်ဆေး ဝယ်ဖို့ လှူဒါန်းထားငွေ ဒေါ်လာ ၁၇၈ သန်းကျော်နဲ့ မြန်မာငွေ ကျပ် ဘီလျံ ၃၀ နီးပါးရှိပြီး အားလုံးပေါင်းလိုက်ရင် ဒေါ်လာ သန်း ၂၀၀ နီးပါး ရှိနေပါတယ်။ စစ်ကောင်စီလက်ထက်မှာ ဒီငွေတွေကို တရုတ်ကာကွယ်ဆေး ဝယ်ဖို့ ဒေါ်လာ ၁၀ သန်းခွဲလောက်ပဲ သုံးထားသေးတာမို့ ကာကွယ်ဆေး အများကြီး ဝယ်နိုင်ပါသေးတယ်။ အရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက် အိန္ဒိယ နိုင်ငံကနေ ကိုဗစ်ရှီး ကာကွယ်ဆေး ၃ သန်းခွဲရထားပြီး လူ ၁သန်း ၆ သိန်းလောက် ကာကွယ်ဆေး ထိုးပြီးပါပြီ။ ဇူလိုင်လကုန်ထိ စစ်ကောင်စီလက်ထက် တရုတ်ကနေ ဝယ်ထားတာ ၁ သန်း၊ လက်ဆောင် ၂ သန်း စုစုပေါင်း ၃ သန်း ရောက်နေပြီဖြစ်သလို လူ ၃ သန်းကို စပြီး ထိုးပေးနေပါပြီ။ လာမယ့် သြဂုတ်လအတွင်း နောက်ထပ် ၃ သန်းရောက်လာမှာဖြစ်ပြီး အဲဒီ ကာကွယ်ဆေးတွေ လူ ၃ သန်းကို ဒုတိယ အကြိမ် ထိုးပေးမယ်လို့ ဆိုပါတယ်။ ဒါတွေ အားလုံး ထိုးပြီးရင်တောင် အရွယ်ရောက်ပြီးသူတွေရဲ့ ၁၂% လောက်ပဲ ကာကွယ်ဆေး ထိုးပြီးမယ့် သဘော ဖြစ်တာမို့ နောက်ထပ် အများကြီး ထိုးပေးဖို့ ကျန်ပါဦးမယ်။

ဒီကြားထဲ ပေါ်ပေါက်လာတဲ့ သတင်းကောင်းတွေကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေကနေ မြန်မာနိုင်ငံတွင်း ကိုဗစ် ပြသနာ ဖြေရှင်းရေး အကူအညီတွေ ပေးနေ၊ နောက်ထပ်လည်း ပေးကြဦးမှာ ဖြစ်ပြီး အဲဒီထဲမှာ ကာကွယ်ဆေး လှူဒါန်းတာ၊ ထိုးနှံပေးတာ စတဲ့ အစီအစဉ်တွေလည်း ပါဝင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီအတွက် စစ်ကောင်စီအနေနဲ့ ကိုယ်ကိုယ်တိုင် ကာကွယ်ဆေးဝယ်၊ နိုင်ငံတကာ ကလှူတာတွေကို လက်ခံပြီး ပြည်သူတွေကို ထိုးနှံပေးရုံမက၊ အခြားသော အစီအစဉ် အမျိုးမျိုးနဲ့ ပေါ်ပေါက်လာမယ့် ကာကွယ်ဆေးထိုး အစီအစဉ်တွေကိုလည်း တားဆီးပိတ်ပင်တာမျိုး မလုပ်ပဲ ခွင့်ပြုပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ကိုဗစ်ပြသနာကို ဖြေရှင်းလိုစိတ်၊ တိုင်းသူပြည်သားတွေရဲ့ အသက်ကို ကယ်ဆယ်လိုစိတ် ရှိတယ်ဆိုတာကို ပြသနိုင်မယ် ဖြစ်ကြောင်းပါ။

----------------------------








XS
SM
MD
LG