သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရဲ့ ကြားဝင် ဖြန်ဖြေပေးမှု အလုပ်ဖြစ်မှာလား


ASEAN envoys meet Myanmar junta leader (state-run TV)
ASEAN envoys meet Myanmar junta leader (state-run TV)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှုးချုပ် Lim Jock Hoi တို့ ၂ ဦးဟာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။ ခုလို တွေ့ဆုံရခြင်း အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ တစ်လ ကျော် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေး ပြသနာနဲ့ ပတ်သက်ပြီး သဘောတူ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံဘက်က စပြီး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ ကြားဝင် ဖြေရှင်းပေးမှုကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လိုလား ထောက်ခံ၊ တွန်းအားပေးနေကြလေတော့ အဲဒီ ဝင်ရောက် ဖြေရှင်းပေးမှု အလုပ်ဖြစ်နိုင်မှာလား၊ အကျိုးသက်ရောက်မှု တစ်စုံတရာ ရှိလာမှာလား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချ၊ စစ်တပ်က ဦးဆောင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်လာပါတယ်။ သိပ်မကြာခင် အဲဒီ ဆန္ဒပြမှုတွေ၊ အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေကို စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး ဖြိုခွင်းမှုတွေ လုပ်လာပြီးနောက် နောက်ဆက်တွဲအနေနဲ့ ပိုပြီး ပြင်းထန်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီပြသနာကြီး ဖြေရှင်းနိုင်ဖို့ အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးဟာ လုံခြုံရေးကောင်စီ အစည်းအဝေး ၃ ကြိမ် ခေါ်ယူခဲ့ပြီး အဖွဲ့ဝင် အားလုံးပါဝင်တဲ့ သဘောတူညီချက်တွေ ချမှတ်ခဲ့သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ကိုလည်း မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရရေး ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာမှု မရှိရုံမက၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgenerကို နိုင်ငံတွင်း ဝင်ခွင့် မပေးတဲ့အတွက် ကုလသမဂ္ဂရဲ့ ကြားဝင် ဖြန်ဖြေရေး အစီအစဉ် ရှေ့တိုးလို့မရ ဖြစ်စေခဲ့ပါတယ်။

ဒုတိယမြောက် ကြိုးစားတာကတော့ အာဆီယံ အဖွဲ့ကြီးပါ။ အထူးသဖြင့် အမေရိကန်နိုင်ငံ အစိုးရဟာ အဆီယံထဲက သူ့မဟာမိတ်နိုင်ငံတွေကနေ တဆင့် မြန်မာ့အရေးကို အာဆီယံက ကြားဝင် ဖြေရှင်းမှု လုပ်လာစေဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ မြန်မာ့အရေး ဝင်ရောက်ဖြေရှင်းရေး ကိစ္စကို အဓိကထား ဆွေးနွေးတဲ့ ဧပြီ ၂၄ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ လုပ်တဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များ အထူးအစည်းအဝေး ပေါ်ပေါက်လာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပါ တက်ရောက်စေခဲ့ပါတယ်။ အစည်းအဝေးမှာ အာဆီယံ နိုင်ငံတွေအကြား ဘုံ သဘောတူညီချက်(၅) ချက် ရရှိခဲ့ပြီး အဲဒီ သဘောတူညီချက်တွေအရ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

တကယ်တော့ အာဆီယံနိုင်ငံတွေအကြား ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေထဲက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အချက် တစ်ချက် မပါတာကလွဲပြီး ကျန်တဲ့ အချက်တွေမှာ တူညီမှုရှိတယ်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကတော့ (၁) မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ကြဖို့ (၂) ဘက်နှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာ၊ dialogue လုပ်ကြဖို့ (၃) ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာဆီယံ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ် ခန့်တာကို သဘောတူဖို့ (၄) AHA က တဆင့် လူသားချင်းဆိုင်ရာ အကူအညီ ပေးတာတွေကို လက်ခံဖို့ (၅) အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ မြန်မာနိုင်ငံ သွားတာကို လက်ခံဖို့ ဆိုပြီးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင် ပဋိပက္ခ ဖြစ်နေတဲ့ ဘက်နှစ်ဖက်၊ အနည်းဆုံးတော့ လက်ရှိ အင်အားသုံးပြီး အာဏာရယူထားတဲ့ စစ်ကောင်စီဘက်က သဘောတူ လက်ခံဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဧပြီလ ၂၄ ရက်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျာကာတာ အစည်းအဝေးတက်ပြီး ဧပြီလ ၂၆ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက ချမှတ် အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အထောက်အကူဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံ အခြေအနေ တည်ငြိမ်လာရင် အာဆီယံနိုင်ငံတွေရဲ့ အကြံပြုချက်တွေကို “ အပြုသဘော စဉ်းစားပေးမယ်” ဆိုပြီး ဖော်ပြပါတယ်။ တဆက်တည်း အဲဒီ ဧပြီလ ၂၆ ရက်နေ့မှာလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း တည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံက အဆိုပြုတဲ့ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ခရီးစဉ်တွေကို စဉ်းစားသွားမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

တကယ်တော့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆိုတာဟာ ၂၀၂၀ မဲစာရင်းတွေကို ပြန်စစ်၊ အရေးပေါ်ကာလ နိုင်ငံ တည်ငြိမ်အောင်လုပ်၊ နောက်ဆုံးကျရင် စစ်ကောင်စီ လက်အောက်မှာ ရွေးကောက်ပွဲ အသစ် တစ်ခု လုပ်ပေး၊ အဲဒီ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွဲှအပ် ဆိုတာမျိုးပဲ ဖြစ်ပြီး ဘယ်နိုင်ငံရေး အင်အားစုနဲ့ စေ့စပ်ညှိနှိုင်းတာမျိုးမှ မပါဝင်ပါဘူး။ ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံ နိုင်ငံတွေရဲ့ မြန်မာ့အရေး ကြားဝင် ဖြေရှင်းပေးမယ့် အစီအစဉ်ကို လက်ခံလိုပုံမရဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်ထပ် တစ်လကျော် ကြာသည်အထိ အာဆီယံရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှ မတုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တကယ့်တကယ် စစ်ကောင်စီဘက်က အာဆီယံနိုင်ငံတွေရဲ့ အစီအစဉ်ကို လက်ခံမယ် ဆိုရင် လုပ်ငန်းတွေ စတင်နိုင်ဖို့ ကိုယ်စားလှယ် တစ်ယောက် ခန့်အပ်တာကို သဘောတူဖို့ လိုပါတယ်။ သဘောတူရုံတင်မက အဲဒီ ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံကိုလာမယ့် ခရီးစဉ်တွေကို ခွင့်ပြုရမှာဖြစ်သလို၊ ဖြုတ်ချခံလိုက်ရတဲ့ အင်န်အယ်လ်ဒီ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခွင့် ပေးရမှာဖြစ်ပြီး၊ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြုတ်ချ၊ ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး၊ စကားပြောတာတွေ လုပ်ရပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဘက်က အဲလို တွေ့ဆုံဆွေးနွေး မှုတွေ လုပ်လာလိမ့်မယ်၊ ဒါမှမဟုတ် လုပ်လာအောင် အာဆီယံ ကိုယ်စားလှယ်ဘက်က စည်းရုံးဆွဲဆောင်နိုင်လိမ့်မယ် ဆိုတာမျိုးကတော့ မျှော်လင့်လို့ ရစကောင်းတဲ့ အရာမျိုး မဟုတ်ပါဘူး။

အခြားတစ်ဖက်က ပြန်ကြည့်လိုက်ရင်လည်း အာဆီယံနိုင်ငံတွေထဲမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လို့ တက်လာတာ မဟုတ်တဲ့ တနည်းနည်းနဲ့ အာဏာရှင် စနစ် ကျင့်သုံးနေတဲ့ အာဏာပိုင်နိုင်ငံတွေက အများစုကြီး ဖြစ်နေတာပါ။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင်တောင် အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့ဖာသာသူ ရွေးကောက်ခံ အစိုးရ ဝန်ကြီးချုပ်ဖြစ်အောင် ဖန်တီးထားသူ တစ်ယောက်ပဲ ဖြစ်နေပါတယ်။ အဲလို အာဏာပိုင်နိုင်ငံတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ စစ်အာဏာသိမ်းလိုက်လို့ ပြသနာ အများကြီးတက်နေတဲ့၊ ပြည်တွင်းစစ်နဲ့ ကျရှုံးနိုင်ငံ အဖြစ်ကို ဦးတည်နေတဲ့ နိုင်ငံတစ်နိုင်ငံကို ပြသနာတွေ ပြေငြိမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာအောင် ဘယ်လောက် တွန်းတွန်းတိုက်တိုက် ဖိအားပေးမလဲ ဆိုတဲ့ ကိစ္စကလည်း သံသယ ဖြစ်စရာ အများကြီးရှိနေပါတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ကြည့်လိုက်ရင် မြန်မာ့ပြည်တွင်းရေး ပြသနာတွေ ပြေလည်စေရေး အာဆီယံနိုင်ငံတွေရဲ့ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးမယ့် အစီအစဉ်ဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုပြီး မျှော်လင့်လို့တော့ မရနိုင်သေးကြောင်းပါ။

----------------------------------










XS
SM
MD
LG